လိုင်လင်းပီ ၁၃ ဇူလိုင်

 

လိုင်လင်းပီမြို့မှ ရေဇွာမြို့သို့ သွားသည့်လမ်းပိုင်း၌ မိုးရာသီအတွင်း မြေပြိုခြင်း၊ သစ်ပင်လဲကျခြင်းများကို လမ်းဦးစီးဌာနမှ ရှင်းလင်းပေးလျက်ရှိသော်လည်း လမ်းချော်ခြင်း၊ ချောင်းရေကြီးခြင်းများကြောင့် ခရီးသွားပြည်သူများ သွားလာရေးအခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

 

"ကျွန်မကတော့ ဂန့်ဂေါကနေ လိုင်လင်းပီကိုပြန်လာခဲ့တာပါ၊ လိုင်လင်းပီဘက်ကနေပြောရမယ်ဆိုရင် အရူလမ်းခွဲနားက ရေဇွာဘက်တက်တဲ့ နေရာမှာ ဆိုးတာ (၃)နေရာလောက်ရှိတယ်။ ပြီးတော့ အဆင်းဘက်မှာဆို လမ်းသားတွေ တအားကျွံဝင်နေလို့ ဆိုင်ကယ်နဲ့ဆိုခုန်ဆင်းရသလိုကိုဖြစ်နေတာ၊ မိုးရာသီမှာ ဆိုင်ကယ်နဲ့ မဖြစ်မနေ ခရီးသွားကြမယ်ဆိုရင် အကာအကွယ်ဖြစ်စေမယ့်ဟာတွေ ဥပမာဆိုင်ကယ်ဦးထုပ်၊ ဘွတ်ဖိနပ် စတာတွေအပြင် အနည်းဆုံး အဖော်(၄)ယောက်လောက်နဲ့သွားမှ အဆင်ပြေမှာပါ"ဟု မမီးမီးကေ (NGOဝန်ထမ်း)က ပြောသည်။

 

ပခုက္ကူမှလိုင်လင်းပီသို့လာသူ ကားဆရာကိုထက်ကလည်း"ပခုက္ကူကနေ ရေဇွာအထိတော့ အဆင်ပြေပါတယ်၊ ရေဇွာကနေ လိုင်လင်းပီလာမယ်ဆိုရင်တော့ စပေါ်ရွာမရောက်ခင်မှာ မိုးသာရွာမယ်ဆို ဖိုးဝီးပါတာနဲ့တောင် တက်ဖို့ ခက်ပါတယ်၊ စပေါ်ကျော်ပြီး (၉)ထပ်ကွေ့မရောက်ခင် မှာလည်း တအားချော်တယ်၊ ပြီးတော့ (၉)မိုင်နဲ့ လိုင်လင်းပီကြားမှာဆိုရင် အများဆုံးလမ်းပိုဆိုးပါတယ်၊ ကျွန်တော်တို့(၉)မိုင်ကနေ မနက်ထွက်လာတာ လိုင်လင်းပီမြို့အဝင်ကကျောက်တောင်တစ်ခုနားမှာ ဘယ်လိုမှတက်မရလို့ ညအိပ်ခဲ့ရတယ်၊ နောက်တစ်နေ့နံနက်မှ စက်ကြီးနဲ့ကားကို ဆွဲပြီးလာခဲ့ရတယ်"ဟု ပြောသည်။

 

အဆိုပါလမ်းချော်သည့်နေရာများနှင့် ချောင်းရေကြီးသည့်နေရာများအတွက် လမ်းအဖွဲ့မှ ကျောက်ခင်းလမ်းတည်ဆောက်ခြင်း၊ တံတားအထူးအဖွဲ့မှ တံတားများခင်းပေးခြင်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လာမည့်ဘတ်ဂျက်နှစ်များတွင် လျာထားပေးလျက်ရှိကြောင်း လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

ကိုလိန်း(ပြန်/ဆက်)