စေတုတ္တရာ ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးရွာများရှိ ကျေးလက်ပြည်သူများ၏ မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင် မွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မထိမ်းကျေးရွာတွင် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဇော်မျိုးအောင်က ဦးဆောင်၍ မထိမ်းကျေးရွာရှိ ဒေသခံပြည်သူများ၏ ဝက်အကောင်ရေ (၅၀)ခန့်အား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးရခြင်း အကြောင်းအရင်း၊ ဝက်များတွင် ဖြစ်ပေါ်တတ်သည့် ရောဂါများအကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရာသီအလိုက်ဖြစ်ပေါ်တတ်သည့် တိရစ္ဆာန်ရောဂါများကာကွယ်ရေးနှင့် သဘာဝဘေး ကျရောက်မှုအတွက် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပညာပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဝက်ဝမ်းကျရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသော ကျေးရွာများတွင်လည်း ဆက်လက် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)


