ဗန်းမောက် ၁၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖာ်ဆောင်ရွက်ရန်အတွက် Cash For Work စီမံကိန်း ကျေးရွာကော်မတီရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပါထွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဇရပ်နှင့် နောင်ကန်ကျေးရွာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားချက်များနှင့်အညီ ဒေသခံပြည်သူများအား ကိုယ်ပူချိန်တိုင်းတာခြင်း၊ နာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ လက်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညွန့်အောင်နှင့် တာဝန်ရှိသူများက Cash For Work စီမံကိန်းကို ကိုဗစ်-၁၉ ရောဂါအကျိုးသက်ရောက်ခြင်း ခံစားရသော ကျေးလက်ဒေသရှိ ပြည်သူများအား ၎င်းတို့ကျေးရွာများ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံပြည်သူများကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖော်ဆောင်ပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည်များကို ရှင်းလင်းဟောပြောခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်က (VRFP) ကျေးရွာမ တည်ရန်ပုံငွေစီမံကိန်း ကျေးရွာ ၉ ရွာမှ ကော်မတီရွေးချယ်ရခြင်း အကြောင်းကိုလည်းကောင်း၊ Cash For Work စီမံကိန်း (၆)ရွာ၊ စုစုပေါင်း (၁၅)ရွာ စီမံကိန်းများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဥ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် လယ်ယာ၊ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျော်စွာ(ဗန်းမောက်)


