မကွေး ၁၃ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ ကျေးရွာပေါင်း ၂၂၀ တွင် ငွေကျပ်သန်း ၅၉၀၀ ဖြင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်ထံမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း မကွေးခရိုင်းအတွင်းရှိ ကျေးရွာ ၆၅ ရွာ၊ မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာ၊ သရက်ခရိုင် အတွင်းရှိ ကျေးရွာ ၅၃ ရွာ၊ ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ ၄၇ ရွာ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျေးရွာ ရှစ်ရွာ စုစုပေါင်း ကျေးရွာ ၂၂၀  တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ခရိုင် (၅)ခရိုင်၊ မြို့နယ်(၂၂)မြို့နယ်ရှိ ကျေးရွာ ၂၂၀  မှာ အ‌ကောင် အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို COVID-19 ကူးစက်ရောဂါကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝထိခိုက်မှုများကို ပြန်လည်တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ကွက်ငယ်တောင်သူတွေ၊ ထုတ်လုပ် ရောင်းချတဲ့သူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ လက်ရှိမှာတော့ စီမံကိန်းမိတ်ဆက်ရှင်းလင်းတာတွေ၊ ကော်မတီဖွဲ့စည်းတာတွေ ဆောင်ရွက်နေပါတယ်” ဟု မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်က ပြောသည်။

 

အဆိုပါစီမံကိန်းကို တိုင်းဒေသကြီးအတွင်း အိမ်ခြေ ၅၀ အောက်ရှိသည့် ကျေးရွာ ၁၀ ရွာကို တစ်ရွာလျှင်ကျပ်သိန်း ၁၀၀၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားရှိသည့် ကျေးရွာ ၅၀  ကို တစ်ရွာလျှင် ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ရှိသည့် ကျေးရွာ ၁၆၀  ကို တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့် စုစုပေါင်းကျေးရွာ ၂၂၀  တွင် ကျေးရွာမတည်ရန်ပုံငွေကျပ်သန်း ၅၉၀၀ ဖြင့် ယခု ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)