မြစ်သား ၁၃ ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်းသို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး၊ တိုင်းဒေသကြီးပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အဖွဲ့က ကွင်းဆင်းစစ်ဆေးရာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဒုဦးစီးမှူး ဦးဖြိုးစည်ဟိန်းနှင့် သက်ဆိုင်ရာကျောင်းအုပ် ကြီးများမှ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ကျောင်းအပ်နှံရေးကာလ ကျောင်းဝင်းအတွင်း ကိုဗစ်−၁၉ကာကွယ် ထိန်းချုပ်တားဆီးရေးနှင့်ပတ်သက်၍ လက်ဆေးရေစင်များထားရှိမှု၊ စာသင်ခန်းများအတွင်း စာသင်ခုံများအား Social Distance ဆောင်ရွက်ထားရှိမှု၊ ကျောင်းသန့်ရှင်းရေးများနှင့် အထက(မြစ်သား) ကျောင်းမှ ကျန်စစ်သားစာသင်ဆောင်(၂) ထပ် အကြီးစားပြင်ဆင်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးများမှ စာသင်ကျောင်းဝင်းအတွင်း ကိုဗစ်−၁၉နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စာသင်ကျောင်းဝင်းအတွင်း ပြင်ဆင်ထားရှိမှုများအား ကျေနပ်အားရပါကြောင်း၊ ကျန်းမာရေးအားအထူးဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ ကျန်းမာရေးကောင်းမွန်မှသာ သင်ကြားရမည့် ကျောင်းသား/ကျောင်းသူများသာမက မိမိ ကိုယ်ကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယခုကာလတွင် ကျောင်းသား၊ မိဘ၊ ဆရာ၊ ဆရာမများအတူ ပူးပေါင်းဆောင်ရွက်မှသာ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ဆုမွန်(မြစ်သားပြန်/ဆက်)