လားရှိုး ၁၃ ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် မူဆယ်မြို့ ၊ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိသည်။

           

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက် လာသည့် နေရပ်ပြန်ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင်လ (၁၃)ရက်နေ့တွင် နေရပ်ပြန် ပြည်သူအမျိုးသား  (၈၄)ဦး ၊ အမျိုးသမီး(၅၀) စုစုပေါင်း (၁၃၄)ဦးတို့အား စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင်ပေးခဲ့ပါသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ (၁၃၄)ဦး တို့တွင် ကချင်ပြည်နယ်မှ(၃)ဦး ၊ ချင်းပြည်နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၃၄)ဦး၊ နေပြည်တော်မှ(၂)ဦး  ၊ ပဲခူးတိုင်းဒေသကြီးမှ (၁၃)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၃၄)ဦး ၊ မန္တလေး တိုင်းဒေသကြီးမှ(၂၁)ဦး ၊  ရခိုင်ပြည်နယ် မှ (၁၇)ဦး ၊ ရန်ကုန်တိုင်းဒေသ ကြီးမှ (၃) ဦး ၊ ဧရာဝတီတိုင်း ဒေသကြီးမှ(၆)ဦးတို့ဖြစ်ကြသည် ။

 

နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ဇူလိုင်လ( ၁၃ )ရက်နေ့အထိ အမျိုးသား (၇၈၄၅)ဦး ၊ အမျိုးသမီး (၄၈၆၇)ဦး စုစုပေါင်း (၁၂၇၁၂) ဦးတို့ကို လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

 

နန်းသန္တာဦး(ပြည်နယ်၊ ပြန်/ဆက်)