မုံရွာ ၁၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်နှင့် မြင်းမူမြို့နယ်တို့တွင် မြန်မာ့စိုက်ပျိုးပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်းကို (၅)နှစ်ကြာ အကောင်အထည်ဖော် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်၀င်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် ရာသီဥတု ပြောင်းလဲမှုနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုး ပညာပေးရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေခြင်းဖြင့် တောင်သူများ ၀င်ငွေနှင့် သီးနှံထုတ်လုပ်မှု စွမ်းအားတိုးတက် လာစေရန်၊ ခေတ်မီနည်းပညာဖြင့် စိုက်ပျိုးပညာပေးရေး ၀န်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာစေခြင်းဖြင့် စိုက်ပျိုး ပညာပေးရေးစနစ်အား အဆင့်မြှင့်တင်ရန် စီမံကိန်းအား အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့စိုက်ပျိုး ပညာပေးရေး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်မည့် မြို့နယ်များတွင် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ကိရိယာများအဖြစ် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လည်းကောင်း၊ အီလက်ထရောနစ် နည်းပညာအသုံးပြုရန် လိုအပ်သော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ Tablet၊ PC များ၊ မြေချဉ်ငံတိုင်းကိရိယာ၊ EC တိုင်းကိရိယာ၊ အစေ့အစိုဓာတ်တိုင်းကိရိယာ၊ လက်ကိုင်မှန်ဘီလူးများနှင့် Inset Trap များကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၀င်းဦး(ဇေယျာတိုင်း)


