၁၃ ဇူလိုင်

 

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ခံရသူ ၃၇၅ ရှိပြီး  ကူးစက်ခံရသူပေါင်း ၂၁၉၅၉ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရ အာဏာပိုင်များက ယမန်နေ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ ကူးစက်မှုများ မြင့်တက်လာသဖြင့် ကိုဗစ်-၁၉ ဒုတိယလှိုင်း ထပ်မံဖြစ်ပွားမည်ကို အစိုးရနှင့်ပြည်သူများအကြား စိုးရိမ်မှုမြင့်တက်လျက်ရှိသည်။

 

 

၎င်းကူးစက်ခံရမှု အရေအတွက်ထဲတွင် တိုကျိုမြို့အနီး ယိုကိုဟားမားတွင် သီးခြားကန့်သတ်ထားသော ဒိုင်းမွန်းပရင့်စ် သင်္ဘောပေါ်မှကူးစက်ခံရသူ ၇၁၂ ဦး မပါဝင်ပေ။

 

 

တိုကျိုမြို့သည် ဂျပန်နိုင်ငံတွင် ကူးစက်ခံရမှု အများဆုံးမြို့ဖြစ်ပြီး ဇူလိုင် ၁၂ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀၆ ဦး ထပ်မံတွေ့ရှိခဲ့ရာ ဇူလိုင် ၁၁ ရက် ကူးစက်ခံရမှုနှင့် တူညီနေပြီး လေးရက်ဆက်တိုက် နေ့စဉ်ကူးစက်မှု ၂၀၀ ကျော် ဖြင့် ကူးစက်မှုစံချိန်တင်ခဲ့သည်။

 

 

တိုကျိုမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ များပြားလာသဖြင့် ကူးစက်ခံရသူပေါင်း ၇၉၂၇ ဦး ရှိလာသည်။

 

 

ထိုပမာဏသည် ဂျပန်နိုင်ငံရှိ စီရင်စု ၄၇ ခုတွင် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး နိုင်ငံအတွင်း ကူးစက်ခံရမှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရှိသည်။

 

 

နိုင်ငံတစ်ဝှမ်း အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာထားမှုကို မေ ၂၅ ရက်က ရုပ်သိမ်းခဲ့ပြီးနောက် လူဦးရေ ၁၄ သန်းရှိ ထိုမြို့တော်တွင် ကူးစက်မှုများ ထပ်မံဖြစ်ပွားလာသည်။

 

 

မြို့တော်အစိုးရ၏ ပြောကြားချက်အရ မကြာသေးမီက အတည်ပြုခဲ့သော ကူးစက်ခံရမှုများမှာ အခြေအနေ မစိုးရိမ်ရကြောင်းနှင့် ကူးစက်ခံရမှု ၈၀ ရာခိုင်နှုန်းခန့်မှာ အသက် ၃၀ နှင့် ၃၀ နှစ်အောက် လူငယ်များ ဖြစ်ကြကြောင်း သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို