မန္တလေး ၁၃ ဇူလိုင်
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးမြို့ရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် သင်ရိုးသစ် Grade-10 နှင့် သင်ရိုးဟောင်း Grade-11 ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ Covid-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ Physical Distancing ပုံစံဖြင့် ယနေ့တွင် ကျောင်းအပ်စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
ထို့သို့ ကျောင်းအပ်လက်ခံရာတွင် ကျောင်းအပ်ရန် လာရောက်ကြသည့် မိဘများနှင့် ကျောင်းသား ကျောင်းသူများအား ကျောင်းဂိတ်ဝတွင် တာဝန်ကျဆရာ၊ ဆရာမများမှ အပူချိန်တိုင်းခြင်း၊ Mask များ တပ်ဆင်ခြင်း၊ လက်ဆေးဘေစင်များတွင် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်းများ ဆောင်ရွက်ပြီးမှ ကျောင်းအတွင်းသို့ ဝင်ရောက်ခွင့်ပြုသည့်အပြင် ကျောင်းအပ်လက်ခံသည့် နေရာအသီးသီးတွင်လည်း လူစုလူဝေးမဖြစ်ပေါ်စေရန် Physical Distancing ပုံစံဖြင့် တစ်ဦးနှင့် တစ်ဦး ၆ ပေအကွာထား၍ အပ်နှံခွင့်ပြုကြောင်း မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ဒေါ်ခင်သီတာက ပြောသည်။
''ကျွန်မတို့ကျောင်းမှာ အထက်တန်းအဆင့် Grade-10 သင်ရိုးသစ်နဲ့ Grade-11 သင်ရိုးဟောင်း ကျောင်းသား ကျောင်းသူတွေကို ဒီနေ့ကစပြီး လက်ခံနေပါတယ်။ ကျောင်းအပ်ဖို့ လာကြသူတွေကို တာဝန်ကျဆရာ၊ ဆရာမတွေက ကျောင်းဂိတ်ဝကနေ Mask တပ်ဆင်ခြင်း၊ အဖျားတိုင်းခြင်း၊ လက်ဆေးခြင်းတွေ ဆောင်ရွက်ပြီးမှ ကျောင်းထဲကို ဝင်ခွင့်ပေးပါတယ်။ ကျောင်းအပ်လက်ခံတဲ့ နေရာမှာလည်း ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ဖြစ်စေဖို့ Physical Distancing ပုံစံနဲ့ လက်ခံပေးနေပါတယ်။ ဒါအပြင် မိဘပြည်သူတွေေ ကျောင်းသား ကျောင်းသူတွေ လိုက်နာရမယ့် စည်းကမ်းတွေကို သိရှိစေဖို့ ကျောင်းရှေ့မှာ အသိပေးဗီနိုင်းတွေ ကပ်ထားသလို လက်ကမ်းစာရွက် တွေလည်း ဖြန့်ဝေပေးနေပါတယ်။ ကျောင်းအပ်တဲ့နေ့မှာ ပြဌာန်းစာအုပ်တွေ အခမဲ့ ဖြန့်ဝေပေးနေတဲ့အပြင် ကျောင်းစတက်ရင်လည်း ကျောင်းသားကျောင်းသူတွေအတွက် Mask နဲ့ Face Shield တွေ ဝေငှပေးမှာပါ။ Grade-10 မှာ ဘာသာတွဲ လေးတွဲ ရှိပါတယ်။ အခုလို ကျောင်းစပြီးအပ်တဲ့အချိန်ကတည်းက စနစ်သစ်ပညာရေးအတွက် ဘာသာတွဲလိုက် သင်ယူရမယ့် ဘာသာရပ်တွေနဲ့ ဘယ်ဘာသာတွဲကို သင်ယူရင် ကိုယ့်ရဲ့ဝါသနာဗီဇနဲ့ ကိုက်ညီမယ်ဆိုတာကို ရွေးချယ်သင်ယူနိုင်အောင် ကျောင်းဂိတ်ဝမှာ အသိပေး ရှင်းလင်းချက်တွေ ကပ်ထားပါတယ်။ မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေရဲ့ ရွေးချယ်မှုတွေ မှာယွင်းမှုမရှိအောင် ရှင်းလင်းချက်တွေကို သေချာဂရုတစိုက် ဖတ်ရှုဖို့လေ့လာကြပါ '' ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းအပ်စတင် လက်ခံသည့်နေ့တွင် ကျောင်းလာရောက်အပ်နှံသည့် မိဘတစ်ဦးဖြစ်သူ ဒေါ်ယမင်းခိုင်ကလည်း ''သမီးက အဌမတန်းအောင်တဲ့အတွက် ဒီနှစ်မှာ စနစ်သစ် Grade-10 ကို တက်ရမှာပါ။ ကိုဗစ်-၁၉ ဖြစ်နေတဲ့ ဒီကာလမှာ ကျောင်းအပ်နှံတဲ့အချိန်နဲ့ ကျောင်းဖွင့်တဲ့အချိန်တွေမှာ ရောဂါကူးစက်မှု မရှိစေဖို့ ပြင်ဆင်ထားရှိမှုတွေက သမီးတက်မယ့် အထက(၈) ကျောင်းမှာ ပြည့်စုံမှုရှိတဲ့အတွက် ကျောင်းကိုလွှတ်ဖို့ စိတ်ချယုံကြည်မှုရှိသလို ကျွန်မတို့ဘက်ကလည်း အတတ်နိုင်ဆုံး ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ သမီးက ဇီဝဗေဒ ဘာသာရပ်ပါတဲ့ အတွဲ(၁)ကို ရွေးချယ်ထားတဲ့ အတွက် သူရွေးချယ်မှုအပေါ်မှာ ကျွန်မတို့ မိဘတွေအနေနဲ့ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ'' ဟု ပြောသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ် ထားရှိမှုများအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်အတွက် ကျောင်းအပ်နှံရေးကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက် အထိလည်းကောင်း၊ အလယ်တန်းအဆင့်ကို ဇူလိုင် ၂၇ ရက်မှ ၃၁ ရက်နေ့အထိ လည်းကောင်း၊ မူလတန်း အဆင့်ကို ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ လည်းကောင်း၊ သတ်မှတ်ထားပြီး ကျောင်းများ စတင်ဖွင့်လှစ်မည့်နေ့ အဖြစ် အထက်တန်းအဆင့်ကို ဇူလိုင် ၂၁ ရက်နေ့တွင်လည်းကောင်း၊ အလယ်တန်းအဆင့်ကို ဩဂုတ် ၄ ရက်နေ့ တွင်လည်းကောင်း၊ မူလတန်းအဆင့်ကို ဩဂုတ် ၈ ရက်တွင် လည်းကောင်း ဖွင့်လှစ်ရန် သတ်မှတ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


