နေပြည်တော်  ၁၃  ဇူလိုင်

 

မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူ ရေးဆိုင်ရာ Virtual Consultation Workshop ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီဌာန အစည်းအဝေးခန်းမ၌ Online ညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဆောင်ရွက်သည်။

 

အဆိုပါ Online Consultation Workshop တွင် အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ညှိနှိုင်းဆွေးနွေးပွဲအား အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်းကောက်ယူရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စစ်တမ်းဆိုင်ရာ လုပ်ငန်းရပ်များအပေါ် အကြံဉာဏ်များရယူနိုင်ရန် ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤစစ်တမ်းအား ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အမျိုးသမီးများ၏ဘဝ တစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် နိုင်ငံတော်ကိုယ်စား အမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချက်အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ဤလေ့လာမှုစစ်တမ်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့တို့၏ စီမံကြီးကြပ်မှု၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ ကူညီပံ့ပိုးမှုနှင့် နည်းပညာကော်မတီဝင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ အခြေအနေကြောင့် လုပ်ငန်းစီမံချက် အချိန်ကာလ ပြောင်းလဲမည်ဖြစ်ပါကြောင်း။

 

လေ့လာမှုစစ်တမ်းအတွက် ကိန်းဂဏန်းအရေအတွက်ပိုင်းဆိုင်ရာ အချက်အလက်များ၊ အကြောင်းအရာများကို ထဲထဲဝင်ဝင်လေ့လာနိုင်သည့် အရည်အ​သွေးပိုင်းဆိုင်ရာ အချက်အလက်များကို ကောက်ယူသွားမှာဖြစ်ကြောင်း၊  အိမ်ထောင်စု (၆,၀၀၀)ခန့်မှ အသက် (၁၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ အမျိုးသမီးများအား နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ စစ်တမ်းကောက်ယူသွားမှာဖြစ်ကြောင်း၊ လေ့လာမှု စစ်တမ်းမှရရှိသော အချက်အလက်များကို အခြေခံပြီး ကျား၊ မ ရေးရာတုံ့ပြန်မှုဆိုင်ရာလုပ်ငန်းများ၊ ဘတ်ဂျက်နှင့် မူဝါဒရေးဆွဲခြင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်းအစီအစဉ်များ အကောင်အထည်ဖော်ခြင်းများအတွက် ထိရောက်၍စနစ်ကျသော လုပ်ငန်းစနစ်များကို ဖော်ဆောင်နိုင်မှာ ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည်တို့ကို ဆောင်ရွက်ပေး နိုင်မည်၊ မည်သို့ဆောင်ရွက်ပေးနိုင်မည်ကို သုတေသနစစ်တမ်းတွင် သက်ဆိုင်ရာကဏ္ဍများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်နှင့် အကြံဉာဏ်များပေး၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံအမတ်ကြီးနှင့် အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများ ဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်တို့က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ UNFPA တို့မှ တာဝန်ရှိသူများနှင့် နည်းပညာရှင်များက မြန်မာနိုင်ငံရှိအမျိုးသမီးများ၏ ဘဝတစ်လျှောက်အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း (၂၀၁၉-၂၀၂၁)ဆိုင်ရာ အဓိကအချက်အလက်များ၊  လေ့လာမှုစစ်တမ်းတွင် အသုံးပြုမည့်နည်းစနစ်များ ရှင်းလင်းတင်ပြခဲ့ကြရာ ဆွေးနွေးပွဲ တက်ရောက်သူများမှ မေးခွန်းများမေးမြန်းခြင်း၊ အကြံပြုဆွေးနွေးခြင်း၊ မေးမြန်းမှုများအား ပြန်လည်ဖြေကြား ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်