တောင်ကြီး ၁၃ ဇူလိုင်
ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်းစာစောင်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ၊ ရှမ်းပြည်နယ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ ဦးစီးအဖွဲ့ဝင်များ ဖတ်ရှုလေ့လာနိုင်ရန်နှင့် စာကြည့်တိုက်များတွင်ထားရှိ လေ့လာနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရားသူကြီးချုပ် ဉီးကြွယ်ကြွယ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က ကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုတို့၌ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖြောင့်မတ်တည်ကြည်မှုရှိရေး အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း (၂)ခု ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကာလအတွင်း၌ အလုပ်ရုံဆွေးနွေးပွဲများ မဆောင်ရွက်နိုင်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု စာစောင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးသို့ ဖြန့်ဝေ ပေးလျက်ရှိပါကြောင်း။
၂၀ ရာစုသည် ဒီမိုကရေစီဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့၏ ဝါဒသဘောတရားရေး အားပြိုင်ခဲ့သော ကာလဖြစ်ပြီး၊ ၂၁ ရာစုတွင်မူ ဒီမိုကရေစီဝါဒအပေါ် အများစု လက်ခံယုံကြည် လာကြပြီးဖြစ်၍ “လုပ်ပိုင်ခွင့်ရှိသူများက အများပြည်သူအကျိုးကို ပုဂ္ဂလိကအကျိုး၊ အဖွဲ့အစည်းအကျိုးထက် မည်မျှအထိကျယ်ပြန့်စွာ ဦးစားပေးဆောင်ရွက်နိုင်သနည်း” ဆိုသည့် အချက်အပေါ် အပြိုင်အဆိုင် လုပ်ပြနေရသည့် ကာလဖြစ်ကြောင်းကို ဖူကူယားမားကဲ့သို့သော ထင်ရှားသည့် ကမ္ဘာ့နိုင်ငံရေးသိပ္ပံ ပညာရှင်များက အခိုင်အမာပြောဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် မှန်ကန်သော ယုံကြည်မှု၊ မှန်ကန်သောတန်ဖိုးထားမှုများဖြင့် ဖြောင့်မတ် တည်ကြည်မှုနှင့် ကျင့်ဝတ်များကို လေးစားလိုက်နာလျက် အများပြည်သူ အကျိုးစီးပွားအတွက် မိမိတို့နှင့် သက်ဆိုင်ရာနယ်မြေ အလုပ်ဌာနများ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကိစ္စများကို ရဲရင့်တည်ကြည်စွာ ပြောဆိုလုပ်ကိုင်သွားနိုင်ရန်အတွက် ဤရည်ညွှန်းစာစောင်များ လွှဲပြောင်း ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပါမောက္ခဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ရှင်းလင်းဖော်ပြထားသော “အဂတိ လိုက်စားမှုနှင့်အတူ ယုံကြည်မှုများ ယိုယွင်းပျက်စီးလာခြင်း Video Clip”အား ပြသသည်။
ယင်းနောက် ကော်မရှင်ဉက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်လွှတ်တော် ဒုတိယဉက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ပအိုဝ်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များထံသို့ ရည်ညွှန်းစာစောင် (၁၉၉)စုံ တို့ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ၌ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု တို့ဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေး၊ အဂတိ ကင်းစင်သော လူ့အဖွဲ့အစည်း ဖြစ်စေရေးတို့ကို နိုင်ငံတော်အစိုးရက နိုင်ငံ့ဝန်ထမ်းများ၊ လုပ်သားပြည်သူများနှင့်အတူ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော် သမ္မတကြီးကလည်း ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်နေ့တွင် “အဂတိလိုက်စားမှုများကို ပိုမိုတိုက်ဖျက်ရန်နှင့် အရေးယူဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ပြတ်သားစွာဆောင်ရွက်ရန်” မှာကြားခဲ့ပါကြောင်း၊ ထို့ကြောင့် “အဂတိလိုက်စားမှုဆန့်ကျင်ဖို့၊ ညီညွတ်ကြပါစို့”ဆိုသည့် ကုလသမဂ္ဂ၏ ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနှင့် လည်း အဂတိလိုက်စားမှု လျော့နည်းပပျောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ရည်ညွှန်းစာစောင်များအား ဖြန့်ဝေပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
(သတင်းစဉ်)


