မြိတ် ၁၄ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ဇူလိုင်လအတွင်း မွေးမြူထားသည့် ဝက်အချို့ သေဆုံးမှုဖြစ်ပွားခဲ့ရာ သေဆုံးခဲ့သည့်ဝက်များမှာ အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားမှုမရှိကြောင်း၊ ဝက်မွေးမြူရေးခြံများ၊ တစ်ပိုင်တစ်နိုင် မွေးမြူထားသူများနှင့် ဈေးများတွင် ကွင်းဆင်းစစ်ဆေး ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
“ မြိတ်အနေနဲ့ အာဖရိကဝက်အပြင်းဖျားရောဂါ ဝင်ရောက်ခြင်းမရှိသေးပါဘူး။ ဝက်တွေသေဆုံးတယ်ဆိုလို့ သွားကြည့်တယ်။ နမူနာ သွေးပစ္စည်းတွေယူပြီး ဓာတ်ခွဲခန်းပို့တာရှိတယ်။ ဓာတ်ခွဲခန်းပို့တဲ့အဖြေအနေနဲ့ လည်း အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်တယ်ဆိုတာ မရှိသေးပါဘူး။ရာသီဉတု ကြောင့် တိရစ္ဆာန်တွေ သေဆုံးတာတွေတော့ရှိပါတယ်။
ရောဂါကြောင့်သေဆုံးတာတော့မရှိပါဘူး။ စားသုံးသူတွေက ဝက်သားစားရင် လူတွေကူးစက်တယ်ဆိုတဲ့ အမြင်မျိုးတွေရှိနေတာရှိတယ်။ မြန်မာနိုင်ငံအနေနဲ့ ဝက်ကနေ လူကိုကူးစက်တဲ့ရောဂါ လုံးဝမရှိသေးပါဘူး” ဟု မြိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကေသီမောင် က ပြောသည်။
မြိတ်မြို့တွင် ဝက်မွေးမြူရေးခြံများနှင့် တစ်ပိုင်တစ်နိုင်မွေးမြူထားသည့် ရပ်ကွက်/ကျေးရွာများအထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းရှင်များကို မွေးမြူရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဇီဝလုံခြုံမှုနှင့်ပတ်သက်၍ လုပ်ဆောင်ရမည့်လုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးနှင့် မြိတ်မွေးမြူရေးဇုံတို့တွင် ပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
“ ဇီဝလုံခြုံရေးကို အကောင်းဆုံးကြိုးစားတယ်။ ကြက်၊ ငှက်၊ ဝက်တွေ မဝင်အောင် ခြံတွေမှာ အကုန်လုံး ပိုက်ကွက်တွေကာပြီး ခြံကိုလည်းသန့်ရှင်းရေးအမြဲလုပ်တယ်။ ပိုးသတ်ဆေးတွေလည်းအမြဲဖျန်းတယ်။ ခြံလုပ် သားမှလွဲပြီး အပြင်လူတွေ ဒီကာလမှာ လုံးဝမဝင်စေဘဲနဲ့ စနစ်တကျ ထိန်းချုပ်ပါတယ်။ ခြံကိုအကောင်းဆုံးဖြစ် အောင် ဇီဝလုံခြုံရေးနှင့်ပတ်သက်ပြီး ထိန်းချုပ်ထားပါတယ်” ဟု မွေးမြူရေးဇုန်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင် ဦးရဲနိုင်လွင် က ပြောသည်။
ထို့အတူ မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင်လည်း ရောင်းချလျက်ရှိသော ဝက်သားအရောင်းဆိုင်များအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုးနှင့်ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


