ဝါးခယ်မ ၁၄  ဇူလိုင်

 

၂၀၂၀ -၂ဝ၂၁ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ပြီး ဝါးခယ်မ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ ကျောင်းအပ်နှံရေးလုပ်ငန်းများအား ဇူလိုင် ၁၃ ရက် နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

 

mdn

 

ပညာရေးဝန်ကြီးဌာနက ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေဖို့ အခမဲ့ ပညာသင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေပါတယ်။ မိဘများအနေနဲ့ ကျောင်းနေ အရွယ် ကလေးတိုင်း ပညာသင်ယူ ခွင့်ရရှိစေဖို့ သက်ဆိုင်ရာကျောင်းတွေမှာ ကျောင်းအပ်နှံပေးကြဖို့ လိုအပ်ပါတယ်၊ အလားတူ ကျောင်းထွက်သူ ပပျောက်ရေး အနေနဲ့ မည်သည့်အကြောင်းနှင့်ဖြစ်စေ ကလေးငယ်တွေ ပညာရေးကို ဆုံးခန်းတိုင် သင်ယူနိုင်စေဖို့ မိဘတွေပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်ဟု မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းလဲ့က ပြောသည်။

 

မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့် ရရှိဖို့ မိဘပြည်သူအားလုံးဝိုင်းဝန်း ကူညီစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူများက အခြေခံပညာ ကျောင်းများအရောက် ကျောင်းအပ်နှံပေးကြရန် လိုအပ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာ၌ ဘေးကင်း လုံခြုံပြီး ပညာဆက်လက် သင်ယူခွင့် မဆုံးရှုံးစေရန်အတွက် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပြီး ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့်အတူ ပညာလေ့လာ ဆည်းပူးကြရမှာ ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေကောက်ခံခြင်း၊ လက်ခံခြင်းမျိုးမပြုဘဲ ကျောင်းအပ်နှံရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)