ခင်ဦး ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မြန်မာနိုင်ငံအမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက လောကမာရဇိန် ကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးချိုလင်းအောင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စန်းယုကိုတို့က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးတင့်အောင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းအောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ပေးအပ်သော မှတ်တမ်းတင်ဂုဏ်ပြုလွှာ၊ ရင်ထိုး၊ နှာခေါင်းစည်းနှင့် လက်သန့်ဆေးရည်များကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များထံသို့ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
စိုးဝေအောင်(ခင်ဦး)


