မယ်စဲ့ ၁၄ ဇူလိုင်
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါ မဖြစ်ပွားစေရေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပေးခြင်းလုပ်ငန်းများကို မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကနေ ယနေ့အထိ ဝက် ၄-၅ ကောင် သေဆုံးခဲ့တာဖြစ်ပြီး ရာသီ ကူးပြောင်းစမှာ သာမန်ရောဂါနဲ့ဖျားနာတာတွေကြောင့် ဆီးချုပ်၊ ဝမ်းချုပ် ဖြစ်ပြီး သေဆုံးခဲ့တာ ဖြစ်တဲ့အတွက် ဝက်မွေးမြူသူ တောင်သူတွေအနေနဲ့ ပိုပြီးတော့ သတိထားသင့်တယ်” ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ စောသေးရယ်က ပြောကြားသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ရှမ်း-ကယား နယ်စပ်ရှိ ပီကင်းကောခူကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျားရောဂါနှင့် ဒီမော့ဆို၊ ဖရူဆိုမြို့နယ်တို့တွင် ဝက်အားနည်းရောဂါများကြောင့် ဝက်များ အစုလိုက်၊ အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ရာ မယ်စဲ့မြို့နယ်အတွင်းတွင် အဆိုပါ ရောဂါများ ဖြစ်ပွားမှုမရှိစေရေးအတွက် ဝက်မွေးမြူရေးခြံများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကာကွယ်ဆေးများ ထိုးနှံခြင်း၊ ဇီဝလုံခြုံမှုမြှင့်တင်ရေးလုပ်ငန်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းနှင့် သေဆုံးသောဝက်များအား လှီးဖြတ် ရောင်းချခြင်းမပြုကြရန် အသိပညာပေးခြင်းအပြင် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အများပြည်သူ စားသုံးရန် ရောင်းချနေသည့် ဝက်သားများကို လုံခြုံစိတ်ချရသော အသားဖြစ်၊ မဖြစ် သားသတ်လိုင်စင်များကိုလည်း အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


