မိုးနဲ   ၁၄  ဇူလိုင် 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်မိုးနဲမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ‌ဖြေဆိုမည့် ဥယျာဉ်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က ယနေ့ ညနေ ၃ နာရီက ကြိုတင်ပြင်ဆင်မှုများ ဆောက်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများက စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လက်ဆေး‌ဘေစင်များ စီစဉ်ထားခြင်း၊ ကိုယ်အပူချိန် တိုင်းတာမည့်နေရာ ဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် Social Distancing စနစ်ဖြင့် လူစု လူဝေးမဖြစ်ပေါ်စေရေးအတွက် စနစ်တကျစီမံဆောင်ရွက်‌ပေးခဲ့ကြသည်။

 

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို လင်းခေးခရိုင်အတွင်းရှိ လင်းခေးမြို့၊ မိုးနဲမြို့၊ မောက်မယ် မြို့နှင့် မိုင်းပန်မြို့များရှိ ဘုန်းတော်ကြီးကျောင်းများမှ ပထမကြီးတန်းတွင် သံဃာတော်(၁၀)ပါး၊ ပထမလတ်တန်းတွင် သံဃာတော်(၂)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၆)ပါး၊ အခြေပြု မူလတန်းတွင် သံဃာတော် (၃၈) ပါး စုစုပေါင်း စာဖြေသံဃာတော် (၅၆)ပါးက ဇူလိုင် ၁၅ ရက်မှ ၂၂ ရက်‌အထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ ကျင်းပဖြေဆိုသွားမည် ဖြစ်ကြောင်း မြို့နယ် သာသနာရေးဦးစီးဌာနမှ သိရသည်။ 

 

မျိုးညွန့်ရွှေ (မိုးနဲ)