ဖာပွန် ၁၄ ဇူလိုင်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ မဲစာရင်းကပ်ထား ကြေညာခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဖာပွန်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကြည်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးက မဲစာရင်း ကပ်ထားကြေညာရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာကော်မရှင် အဖွဲ့ဝင်များနှင့် မဲစာရင်း လာရောက်ကြည့်ရှုသူများက နှာခေါင်းစည်း Mask များတပ်ရန်၊ လက်ဆေးရန် နေရာစီစဉ်ထားရန်၊ မဲစာရင်းကြည့်ရာတွင် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ကြည့်ရှုနိုင်ရန်အတွက် မြေပြင် အမှတ်အသား ပြုလုပ်ပေးခြင်း၊ အသိပညာပေး ကြေညာစာများ ကပ်ထားခြင်း၊ ကြော်ငြာသင်ပုန်းများကို တက်နိုင်သမျှ နေရာကျဲကျဲ ခွဲထားရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ရီရီခိုင်က မဲစာရင်း ကပ်ထားကြေညာရာတွင် ပုံစံ(၁)၊ ပုံစံ(၁-က)တို့အပြင် လွှတ်တော်မဲစာရင်းနှင့် စပ်လျဉ်းသော ကြေညာစာ ပုံစံ(၂)၊(၂-က) တို့ကိုပါ တစ်ပါတည်း ကပ်ထားကြေညာပေးရန် ပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


