စလင်း ၁၄ ဇူလိုင်
မကွေးတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ ဉီးတာနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဉီးဝင်းမော်ဌေးတို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ ၁၃ ရက်က စလင်းမြို့နယ်အတွင်း ဆောင်ရွက်လျှက်ရှိသည့် ဆည်မြောင်း လုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၂၄.၀၀ သန်းဖြင့် ဆောင်ရွက်သည့် စလင်းမြို့နယ် အတွင်းရှိ မဲဇလီဆည်ရေသောက်စနစ် ဆင်ဖြူကျွန်းမြောင်း မိုင်းနား(၉) ရေပေးအဆောက်အအုံ ဆောက်လုပ် ပြီးစီးမှုကို လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ(သာမန်)ကျပ် ၄၅.၀၀ သန်းဖြင့် ဆောင်ရွက်သည့် မင်းလျင်မြောင်း ခတ်လမ်းချောင်းဖြတ်နေရာ ရေတားပြုလုပ်ပြီးစီးမှု အခြေအနေနှင့် လင်းဇင်း ဆည်ရေသောက်စနစ် မြောင်းမတော်မြောင်းပေတိုင် ၆၅၅၀၀ မှ ၆၆၅၅၀ ထိ မြေကာနံရံ ပြုလုပ်မည့် နေရာအား သွားရောက်ကြည့်ရှုခဲ့ရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးသောင်းထိုက်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်း ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့မှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့ ရန်ပုံငွေကျပ် ၃၅၄၀.၀၀ သန်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဉီးစီးဌာန၊ တည်ဆောက်ရေး-၈(မကွေး)မှ ဆောင်ရွက်သည့် စလင်းရေလှောင်တမံ ပင်မရေပိုလွှဲ အကြီးစား ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဉီးခင်ဇော်နှင့် ဒုတိယညွှန်ကြားရေးမှူး ဉီးနီထွန်းတို့မှ လုပ်ငန်း ၉၆ ရာနှုန်း ပြီးစီးမှု အခြေအနေနှင့် ဆက်စပ် လုပ်ငန်းများဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
စိုးမိုးသူ(ပြန်/ဆက်)


