ခန္တီး ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် သာသနာ ရေးလုပ်ငန်းများအတွက် အောင်သီရိဖောင်ဒေးရှင်းက အတိုးရငွေများအား အဋ္ဌမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ပေးအပ်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားသည်။ ဆက်လက်၍ အောင်သီရိ ဖောင်ဒေးရှင်း နာယက ဦးခင်မောင်ညွန့်က အောင်သီရိဖောင်ဒေးရှင်း စတင်တည်ထောင် ခဲ့သည့် လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအတွက် ငွေကျပ် ၅၀ သိန်းကို အောင်သီရိဖောင်ဒေးရှင်း ဉက္ကဋ္ဌ ဦးလှဖေက မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဉက္ကဋ္ဌ ဦးလှမြင့်ထံသို့ လည်းကောင်း၊ ပညာရေးအတွက် ငွေကျပ် သိန်း ၃၀ ကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဇော်အောင်ထံသို့လည်းကောင်း၊ ကျန်းမာရေးအတွက် ငွေကျပ် သိန်း ၃၀ ကို ခရိုင်ကျန်းမာရေးမှူး ဒေါ်နန်းမြမြမွှေးထံနှင့် သာသနာရေးအတွက် ငွေကျပ် ၁၅ သိန်းကို မြို့နယ်သာသနာရေးမှူး ဦးအောင်ကျော်ဦးထံသို့ အောင်သီရိဖောင်ဒေးရှင်းတာဝန်ခံများက ထောက်ပံ့ခဲ့ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


