တောင်တွင်းကြီး  ၁၄  ဇူလိုင်

 

မကွေးတိုင်း‌ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပေပင်ယား၊ ကျောင်းတော်ရာ၊ ငါးခုံးမ နှင့် မြေလမ်းခွဲ ကျေးရွာလေးရွာ၌ အဝီစိစက်ရေတွင်း တူး‌ဖော်ပေးနိုင်ရေးအတွက် သန့်ရှင်းကောင်းမွန်သည့် မြေအောက်ရေ အောင်းလွှာ တည်ရှိမည့်နေရာကို ယနေ့နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ် ခဲ့ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။



GP Survey တိုင်းတာမှုများ ပြုလုပ်ရာတွင် တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်လေးဦးဆောင်၍ဌာနဝန်ထမ်းများမှ ကျေးရွာသူကျေးရွာသား များနှင့်အတူ  မြေအောက်ရေတိုင်းတာစက်များဖြင့် မြေအောက်ရေအောင်းလွှာ တည်ရှိမည့်နေရာကို လက်‌တွေ့ကွင်းဆင်းကာ ကျေးရွာ‌လေးရွာ၌ GP Survey တိုင်းတာမှုများပြုလုပ်ပေးခဲ့ ကြောင်း GP Survey တိုင်းတာမှုများ ပြုလုပ်ပေးခြင်းကြောင့် အဝီစီစက်ရေတွင်း တူးဖော်ပေးရာတွင် ရေထွက်နည်းခြင်း၊ ရေအရည်အ‌သွေး ကောင်းမွန်မှုမရှိခြင်းစသည့် အခက်အခဲများ လျော့နည်းစေနိုင်ကြောင်း တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ကပြောပြ၍သိရသည်။



အဆိုပါကျေးရွာလေးရွာတွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်၌ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေများဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စက်ရေတွင်း တူးဖော်ပြီးစီးသွားပါက ကျေးရွာ လေးရွာရှိ အိမ်ခြေ ၈၇၈မှ လူဦးရေ ၃၈၅၃ဦး တို့အတွက် သောက်သုံးရေဖူလုံစေရေး အကျိုးပြုသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန် ကဆက်လက် ပြောပြသည်။



ငြိမ်းသူ(စလင်း)