ချောင်းဦး   ၁၄   ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာတွင် ယခုဘဏ္ဍာရေး နှစ်အတွင်း Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ(Village Revolving Fund Project- VRFP) စီမံကိန်းတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းထံမှ သိရသည်။

 

“ချောင်းဦးမြို့နယ်အတွင်းမှာ ဖော်ဆောင်မယ့် Cash for Work စီမံကိန်းက နေ့စားအလုပ်သမား များရဲ့ စားဝတ်နေရေးကို အထောက်အကူဖြစ်စေဖို့ အမှန်တကယ် လုပ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ စီမံကိန်းတစ်ခုဖြစ်သလို ကျေးရွာမတည်ရန်ပုံငွေ(Village Revolving Fund Project- VRFP) စီမံကိန်း ကလည်း ကျေးရွာတွေက အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင် အတွက်ကို အထောက်အကူဖြစ်စေဖို့အတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးတာဖြစ်ပါ တယ်” ဟု ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်း က ပြောသည်။

 

ချောင်းဦးမြို့နယ်အတွင်း Cash for Work စီမံကိန်းကို မှန်ချို၊ ငါးယှန်၊ ကင်မွန်းတော်၊ ထူးနီ၊ ရွှေကူ ကျေးရွာနှင့် ရွှေလှေကျေးရွာများတွင်လည်းကောင်း၊ ကျေးရွာမတည်ရန်ပုံငွေ( Village Revolving Fund Project- VRFP) စီမံကိန်းကို ချောင်းမနား၊ ကုလားကြီး၊ ဝယာ၊ ရွာထင်၊ မျက်ပါးနှင့် ညောင်ပင်လှ စသည့် ကျေးရွာများတွင်လည်းကောင်း အကောင်အထည် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)