ထီးချိုင့် ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အသိပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် (၉)နာရီတွင် မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအား အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် (၆) နာရီ တိုင်းထွာချက်အရ ထီးချိုင့်မြို့ ၏ ဧရာဝတီမြစ်ရေသည် (၆၇၂) စင်တီမီတာသို့ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ် (၇၄၀) စင်တီမီတာသို့ရောက်ရှိနိုင်သဖြင့် ထီးချိုင့်မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန်နှင့် ကျွဲ၊ နွား တိရိစ္ဆာန်များအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားနိုင်ရေးအတွက် ပြည်သူများအား အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ထီးချိုင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုဦးစီးမှူးဦးချမ်းမြေ့နိုင်ဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်ဖြင့် ခက်သင်ကျွန်းကျေးရွာ၊ စစ်တန်းကျေးရွာနှင့် ဆင်ကျွန်းကျေးရွာများသို့ ဧရာဝတီမြစ်ရေ မြင့်တက်လာမှု အခြေအနေများအား ပြည်သူများ သိရှိနိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ရဲလင်းထွန်း ထီးချိုင့်


