ကျောက်ဆည် ၁၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများအတွက် မြို့နယ်သစ်တော ဦးစီးဌာနမှ လူထုဖြန့် ပျိုးပင်ပေါင်း (၅)သောင်း စိုက်ပျိုးထားပြီးဖြန့်ဝေလျက်ရှိရာ ပျိုးပင်ပေါင်း (၃၉၉၉၅)ပင် ဖြန့်ဝေပြီးကြောင်း သိရှိရသည်။
လူထုဖြန့် ပျိုးပင်များ အခမဲ့ ဖြန့်ဝေခြင်းများနှင့် ပတ်သက်၍ "ကျွန်တော်တို့ ဌာနအနေနဲ့ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဉတု ကောင်းမွန်မျှတစေရန်အတွက် ပြည်သူမျာရဲ့ နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာ ရုံးဝင်းအတွင်းနေရာများ၊ တပ်နယ်၊ တပ်တွင်းနေရာတွေမှာ စိုက်ပျိုးဖို့အတွက် ကျွန်းပင် ၃၀၀၀၊ ပိတောက် ၁၀၀၀၊ လျှော်ဖြူ ၁၀၀၀၊ တမာ ၆၀၀၀၊ မယ်ဇလီ ၁၀၀၀၀၊ မယ်ဇယ် ၄၀၀၀၊ ရေတမာ ၈၀၀၀၊ ယူကလစ် ၁၀၀၀၊ စိန်ပန်း၃၀၀၀၊ ကုက္ကို ၄၀၀၀၊ သစ်ဆိမ့်၁၀၀၀၊ ပင်လယ်ကဗွီး ၁၀၀၀၊ ခရေ ၁၀၀၀ နဲ့ အာသောက၄၀၀၀ စုစုပေါင်းအပင်အမျိုးအစား(၁၄)မျိုး၊ အရေအတွက် (၅)သောင်း ပျိုးထောင်ပြီး အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါတယ်ဟု"မြို့နယ်သစ်တောဦးစီးအရာရှိ ဦးညီဖြိုးက ရှင်းလင်း ပြောကြားသည်။
ထိုသို့ပျိုးလူထုဖြန့်ပျိုးပင်များကို ဇွန်လမှစတင်ပြီး ဖြန့်ဝေလျက်ရှိရာ ယခုအခါပျိုးပင်ပေါင်း (၃၉၉၉၅) ပင် ဖြန့်ဝေပြီးကြောင်း၊ လက်ကျန်ပျိုးပင် (၁) သောင်းကျော်အား ဆက်လက် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


