တံတားဦး ၁၄ ဇူလိုင်
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြေဆီလွှာဂုဏ်သတ္တိတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းကို တံတားဦးမြို့နယ် ငါးဇင်ရိုင်းကျေးရွာ ကွင်းအမှတ် (၁၃၅၁)ကွင်း ဦးပိုင်အမှတ်(၁၂၃)ရှိ ငါးဇင်ရိုင်းကျေးရွာ တောင်သူ ဦးဝင်းသန်း၏ လယ်မြေ(၅)ဧကတွင် စမ်းသပ်စိုက်ပျိုးထားကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ခုနှစ် မိုးကြိုရာသီတွင် တောင်သူများ၏ သီးနှံစိုက်ပျိုးမြေများတွင် မြေဆီလွှာ ဂုဏ်သတ္တိတိုးတက်ရေး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းကို သဘာဝသစ်စိမ်း မြေဩဇာ အဖြစ် ပြုလုပ်သုံးစွဲရန် ပညာပေးစိုက်ပျိုးထားခြင်းဖြစ်သည်။
ဝင်ငွေရသီးနှံမစိုက်ပျိုးမီ ခေတ္တမြေအားလပ်ချိန်၌ အကြီးမြန်သော ပဲမျိုးရင်းအပင်းများကို ကြဲပက်စိုက်ပျိုးကြပြီး အပင်(၄၅)ရက်သားအချိန် ပန်းများပွင့်ချိန်တွင် အပင်များအစိမ်းအတိုင်း ထယ်ထိုး၍ မြေတွင်မြှုပ်ပြီး ဆွေးမြည့်သွားအခါ သစ်စိမ်းမြေဩဇာဖြစ်လာသည်။
အဆိုပါ သစ်စိမ်းမြေဩဇာသည် မြေဆီလွှာကို အားဖြည့်ပေးသော မြေဩဇာ ဖြစ်၍ မြေဆီလွှာ၏ ဂုဏ်သတ္တိများကိုလည်း ပြုပြင်ပြောင်းလဲနိုင်ပြီး နိုက်ထရိုဂျင်များစွာ ရရှိခြင်းနှင့် မြေတွင်းသစ်ဆွေးဓာတ်များစွာ တိုးတက်ရရှိပြီး အဏုဇီဝပိုးများကိုလည်း တိုးပွားစေကြောင်း၊ ဒါ့အပြင် မြေဆီလွှာ၏ ချဉ်ငံကိန်းကိုလည်း ထိန်းသိမ်းပေးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။
ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုလျှင် တစ်ဧကို နိုက်ထရိုဂျင်(၄)ပေါင်နှင့် သစ်ဆွေးဓာတ်(၅)တန်ထိ ရရှိပါကြောင်း သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)အဖြစ် ညံ့ပင်၊ ဒန့်ကျွဲပင်၊ မဲရိုင်းပင်၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲရင်း စသည့်အပင်များလည်း စိုက်ပျိုးနိုင်ကြောင်း တောင်သူများ အနေဖြင့် မြေဆီလွှာ တိုးတက်ကောင်းမွန်ရန်အတွက် ကုန်ကျစရိတ်သက်သာစေပြီး မြေဩဇာ ပြုလုပ် သုံးစွဲရန် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


