ဇလွန် ၁၄ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ကျေးလက်ဒေသရှိ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ကိုင်သူများ မိမိတို့မွေးမြူထားသော တိရစ္ဆာန်များ အသေအပျောက်ကင်းပြီး မွေးမြူရေးလုပ်ငန်းများမှ အကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်မွေးမြူရာတွင် ကြိုတင်ကာကွယ်ထားသင့်သော ဝက်ဝမ်းကျ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကော့ကပ်ကြီးကျေးရွာတွင် ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာလေးမွန်ကြည်က မြို့နယ်အတွင်း ဝက်များတွင်ဖြစ်ပွားလေ့ရှိသော ဝက်ဝမ်းကျရောဂါ ဖြစ်ပွားမှုလျှော့ချရန်၊ ဝက်မွေးမြူရေးလုပ်ကိုင်သူများ မွေးမြူထားသည့် ဝက်များမျိုးပွားနှုန်း၊ ကြီးထွားနှုန်း လျော့ကျမသွားစေရန်တို့အတွက် ယခုလို ကျေးရွာများသို့ ကွင်းဆင်းပြီး ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး မွေးမြူရေးလုပ်ကိုင်သူများအား အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်း၊ မွေးမြူရေးခြံများအား ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ဇလွန် ပြန်/ဆက်)


