မုံရွာ ၁၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၉)ခုနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၆၂၇၁၀၃ ဧက စိုက်ပျိုးပြီးစီးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ထံမှ သိရသည်။
“တိုင်းဒေသကြီးအတွင်း အခုနှစ်မိုးရာသီမှာ ဆီထွက်သီးနှံ ဧက ၈၂၅၀၀၀ ကျော်ကို စိုက်ပျိုးနိုင်ဖို့ လျာထားတဲ့ အထဲမှာ ဇွန်လအကုန်အထိ ဧက(၆)သိန်းကျော် စိုက်ပျိုးပြီးစီးခဲ့တာ ဖြစ်ပါတယ်။ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးဖို့လည်း လုပ်ဆောင်နေတယ်၊ စိုက်ပျိုးရေး တောင်သူတွေရဲ့ မျိုးစေ့၊ စိုက်ပျိုးရေး နည်းပညာ၊ ပိုးမွှားရောဂါ ကျရောက်မှု အန္တရာယ်တွေ အတွက်လည်း စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေက ကွင်းထဲအရောက်သွားပြီး ကူညီလုပ်ဆောင်ပေး နေပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ခရိုင်အလိုက် ဆီထွက်သီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း ၃၃၁၈၃ ဧက၊ မုံရွာခရိုင်အတွင်း ၁၀၇၉၀၉ ဧက၊ ယင်းမာပင်ခရိုင်အတွင်း ၂၂၆၈၂၉ ဧက၊ ရွှေဘိုခရိုင် အတွင်း ၁၇၁၅၇၉ ဧက၊ ကန့်ဘလူခရိုင်အတွင်း ဧက ၃၆၂၇၀၊ ကသာခရိုင်အတွင်း ၄၃၄ ဧက၊ ကလေးခရိုင် အတွင်း ၅၀၂၁၃ ဧက၊ မော်လိုက်ခရိုင်အတွင်း ဧက ၈၀၊ ခန္တီးခရိုင်အတွင်း ၁၄၄ ဧကနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၄၆၂ ဧက စိုက်ပျိုးပြီးစီး ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


