မြင်းမူ  ၁၄  ဇူလိုင်

 

ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် SAEM Project မှ Koica  အထောက်အပံ့ဖြင့်ပေးအပ်သော စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း၊     မျိုးစေ့များစိုက်ပျိုးနိုင်ရန် နည်းပညာပေးခြင်းနှင့် ဒေသခံတောင်သူများ ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းကို စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာရှိ တောင်သူနည်းပညာပေးစခန်းတွင် ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

Home Gardening မျိုးစေ့များကို အလ္လကပ္ပတိုက်နယ်အတွင်းရှိ ကျော့မင်းကျေးရွာနှင့် ခြေရာတော်ကျေးရွာ များမှ အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်နိုင်သူ အိမ်ထောင်စု ၂၀၀ ကို ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ငရုတ်၊ ချဉ်ပေါင်၊ သခွားနှင့် တိုင်ထောင်ပဲ အပါအဝင်စားဖိုဆောင်သီးနှံ(၁၁)မျိုးပါ မျိုးစေ့အိပ်များအား တောင်သူ တစ်ဦးချင်းထံ ပေးအပ်ခဲ့သည်။

 

ယင်းနောက် တောင်သူများအား သီးနှံများကို အလွန်အကျွံဖျက်ဆီးစားသောက်တတ်သည့် ကျိုင်းကောင်း၊ ငမြှောင်တောင် ပိုးမွှားများအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့်ပတ်သက်၍   ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်စိုးဖေ(မြင်းမူ)