ဝန်းသို  ၁၄  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် မြသန္တာရပ်(ကုလားတန်း)ရပ်ရှိ ဒုတိယခန္တီး ကျောင်းဟောင်းအတွင်း ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ ခမည်းတော် ဦးရွှေသား တည်ထား ကိုးကွယ်တော်မှုခဲ့သည့် ဘုရား(၅)ဆူအား သံဃာတော်များဦးစီး၍ ရှေးမူမပျက် ပြုပြင်မွမ်းမံလျက် ရှိရာ  ဘုရားသုံးဆူအား ပြုပြင်ဆောင်ရွက်ပြီးဖြစ်ကြောင်း အကျိုးတော်ဆောင် မုံရွာလမ်းတံတား ဆရာတော် အရှင်သူရိယက မိန့်ကြားခဲ့သည်။

 

 “အခုလောလောဆယ်တော့ ဘုရားသုံးဆူကို ပြုပြင်ပြီးပါပြီ။ နောက်ထပ် နှစ်ဆူ ကျန်သေး တယ်။ အခုချိန်က ကိုဗစ်-၁၉ ရောဂါကာလလည်းဖြစ်၊ မိုးရာသီကာလလည်း ဖြစ်တာ ကြောင့်  အလုပ်လုပ်လို့ မရဘူး ဆောင်းရာသီလောက်မှပဲ ဆက်လက်ပြီးတော့ ပြုပြင်သွားမှာ ဖြစ်ပါတယ်။ ဝန်းသို စော်ဘွားကြီးကို ချစ်မြတ်နိုး တန်ဖိုးထားသောအားဖြင့် ယခုလို စော်ဘွားဘုရားများကို ရှေးမူမပျက် ပြုပြင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ် ဟု ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။

 

အဆိုပါ ဘုရား(၅)ဆူ ပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူရှင် ဦးအေးမောင်(မန္တလေး)မှ ငွေကျပ် သိန်း ၁၀၀  မတည်လှူဒါန်းပြီး အုတ်အိမ်သာ နှစ်ခန်းတွဲအပြင် အများကောင်းမှုနှင့် ဓမ္မာရုံ၊ ရေတွင်း ရေကန်တို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊        ဆက်လက်၍  ဝန်းသိုစော်ဘွားကြီး၏ သမိုင်း အထင်ကရ နေရာများဖြစ်သည့် ကျိုင်းခွင်တောင်ရှိဘုရား ငါးဆူ၊  ဗြန့်ကြီးကျေးရွာရှိ ဘုရား ငါးဆူနှင့် ဒီးဒုတ်ကုန်းကျေးရွာရှိ ဘုရားငါးဆူတို့ကိုလည်း သံဃာတော်အရှင်သူမြတ်များ၊ ကော်မတီ များ၊  ဒေသခံပြည်သူများ၊ အလှူရှင်များနှင့် ပူးပေါင်း၍ ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

ကျော်မြိုင် (ပြန်/ဆက်)