ဆိပ်ဖြူ ၁၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာရှစ်ရွာတွင် ငွေကျပ်သိန်း ၁၉၀၀ ဖြင့် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“ဆိပ်ဖြူမြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကျစ်ပြင်၊ ညောင်ဂွေးဝ၊ ရွာသစ်ကုန်း၊ ရှားပင်အိုင့်၊ ဆင်ခေါင်း၊ ဆင်သားမွှေး၊ တောင်ငယ်လုံး စသည့် ကျေးရွာ ရှစ်ရွာမှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တုန့်ပြန်ဆောင်ရွက်သည့်အနေဖြင့် လုပ်ကွက်ငယ်တောင်သူတွေ၊ ထုတ်လုပ်ရောင်းချတဲ့ သူတွေ၊ အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ တိုးချဲ့ဆောင်ရွက်နိုင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ တော့ စီမံကိန်းမိတ်ဆက် ရှင်းလင်းတာတွေ၊ ကော်မတီဖွဲ့စည်းတာတွေဆောင်ရွက်လျက်ရှိရာ ကျေးရွာအားလုံး ကော်မတီများဖွဲ့စည်းပြီးသွားပြီဖြစ်တယ်” ဟု ဆိပ်ဖြူမြို့နယ်ကျေးလက်ဒေသဖွွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးရဲမင်းအောင်က ပြောပြသည်။
အဆိုပါစီမံကိန်းကို ဆိပ်ဖြူမြို့နယ်အတွင်း အိမ်ခြေ ၅၀ အောက်ရှိသည့် ကျေးရွာတစ်ရွာကို ကျပ်သိန်း ၁၀၀၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားရှိသည့် ကျေးရွာ သုံးရွာကို တစ်ရွာလျှင် ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ ၁၀၁ အိမ်နှင့် အထက်ရှိသည့် ကျေးရွာ လေးရွာကို တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ ဖြင့် စုစုပေါင်းကျေးရွာ ရှစ်ရွာတွင် ကျေးရွာ မတည်ရန်ပုံငွေကျပ်သိန်း ၁၉၀၀ ဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


