ရန်ကုန် ၁၅ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် လောင်စာဆီသိုလှောင်ရောင်းချသည့် လမ်းဘေးဆီဆိုင်များအား လိုက်လံရှာဖွေစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ရှာဖွေစစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးသိန်းသန်း၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီး ဦးတင်မိုးသာ၊ စည်ပင်လက်ထောက် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးနှင့် ဦးဒီပါ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဦးကျော်သူရိန်ထွန်းနှင့် တပ်ကြပ် ဦးအောင်ကျော်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးရန်နိုင်ဖြိုး၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများသည် အောက်မင်္ဂလာဒုံလမ်း၊ ရွှေပြည်သာတံတားလမ်းအဆင်း ပုလဲလမ်းရှိ လောင်စာဆီ သိုလှောင်ရောင်းချသည့် လမ်းဘေးဆီဆိုင်များကို လိုက်လံရှာဖွေစစ်ဆေး စာရင်းကောက်ယူခြင်း၊ ပစ္စည်းသိမ်းဆည်းအရေးယူခြင်း၊ ဆက်လက်ရောင်းချခြင်းမပြုနိုင်ရန် ဆက်စပ်ပစ္စည်းများအား ရွှေ့ပြောင်း စေခြင်း စသည်တို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


