မိတ္ထီလာ ၁၅ ဇူလိုင်
မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ် ၄ ခု၌ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၇ သိန်းကျော်ရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှိအဖွဲ့ခွဲဥက္ကဋ္ဌထံက သိရသည်။
“ မိတ္ထီလာခရိုင်အတွင်းမှာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၇ သိန်းကျော်ရှိပါတယ်။ ခရိုင်အနေနဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မိတ္ထီလာမြို့နယ်မှာ နှစ်သိန်းသုံးသောင်းကျော် ၊ မလှိုင်မြို့နယ်မှာ တစ်သိန်းတစ်သောင်းကျော် ၊ သာစည်မြို့နယ်မှာ တစ်သိန်းငါးသောင်းကျော်နဲ့ ဝမ်းတွင်းမြို့နယ်မှာ တစ်သိန်းကိုးသောင်းကျော် ဖြစ်ပါတယ်။ မဲရုံအနေနဲ့ကတော့ ခရိုင်အတွင်း မိတ္ထီလာမှာ မဲရုံနှစ်ရာ့ကိုးဆယ်ရုံကျော် ၊ မလှိုင်မှာ မဲရုံနှစ်ရာရုံကျော် ၊ သာစည်မှာ မဲရုံ နှစ်ရာရုံကျော်နဲ့ ဝမ်းတွင်းမှာ မဲရုံသုံးရာရုံကျော် စုစုပေါင်း မဲရုံပေါင်း တစ်ထောင်ကျော်ရှိမှာ ဖြစ်ပါတယ်။ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာသန်းထွန်းက ပြောသည် ။
မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါရုံးတွင် ကျင်းပခဲ့ပြီး ခရိုင်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာသန်းထွန်း ၊ အတွင်းရေးမှူး ဦးမျိုးမင်းထိုက်နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ )


