နေပြည်တော် ၁၅ ဇူလိုင်

 

ထိုင်းနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေအရ လူကုန်ကူးခံရသူအဖြစ် စိစစ်သတ်မှတ်ထားသော မြန်မာနိုင်ငံသား ၇၅ ဦးအား ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနမှ ဇွန် ၂၉ ရက်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ပြန်လည်လွှဲပြောင်း ပေးခဲ့သည်။

 

ယင်းသို့လွှဲပြောင်းခဲ့သော မြန်မာနိုင်ငံသား ၇၅ ဦးအား မြန်မာနိုင်ငံ၏ ၂၀၀၅ ခုနှစ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေအရ လူကုန်ကူးခံရသူများ ဟုတ်/မဟုတ် စိစစ်သတ်မှတ်ချက်ပုံစံများဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ စိစစ်ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား ၇၄ ဦးသည် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင်သွားရောက်စဉ် ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တရားမဝင် အထောက်အထားမဲ့ စစ်ဆေးတွေ့ရှိသဖြင့် ထိုင်း−မလေးရှားနယ်စပ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး လူကုန်ကူးမှုအင်္ဂါရပ်များနှင့် ငြိစွန်းမှုမရှိသဖြင့် လူကုန်ကူးခံရသူများ မဟုတ်ဘဲ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများသာဖြစ်ကြောင်း စိစစ်သိရှိရသည်။

 

စိစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နေ အမျိုးသမီးတစ်ဦးသာ ထိုင်းနိုင်ငံတွင် အိမ်အကူအဖြစ် ၃ နှစ်၊ ၆ လ လုပ်ကိုင်ခဲ့ရသော်လည်း လုပ်အားခမရခြင်း၊ အိမ်ရှင်၏ ညှဉ်းပန်းနှိပ်စက်ခံရခြင်းကြောင့် ထိုင်းနိုင်ငံမှ အိမ်ရှင်ဖြစ်သူအား လူကုန်ကူးမှုဥပဒေဖြင့် အရေးယူထားရှိပြီး အဆိုပါအမျိုးသမီး၏ ရသင့်ရထိုက်သော လုပ်အားခငွေများကို ပြန်လည်ပေးအပ်ရန် ထိုင်းနိုင်ငံ တရားရုံးက အမိန့်ချမှတ်ခဲ့ကာ ထိုင်းဘတ်ငွေ ၉၀,၀၀၀ အား ၎င်းနှင့်အတူ တစ်ပါတည်းပေးအပ်ခဲ့ကြောင်း၊ ကျန်ငွေများကို နှစ်နိုင်ငံတာဝန်ရှိသူများအကြား ညှိနှိုင်း၍ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပြီး မြန်မာ−ထိုင်း နှစ်နိုင်ငံအကြား လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

သတင်းစဉ်