တီးတိန် ၁၅ ဇူလိုင်
ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြု ဂုဏ်ပြုလွှာများနှင့် ရင်ထိုးတံဆိပ်များပေး အပ်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ချင်းပြည်နယ် လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် တီးတိန်မြို့ အစိုးရစက်မှုအထက်တန်းကျောင်းတွင် Quarantine Center အဖြစ် ဖွင့်လှစ်ထားသောနေရာ၌ ချင်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအတွက် အသိအမှတ်ပြုဂုဏ်လွှာများကို ပြည်နယ်လူမှုရေးဝန်ကြီးထံသို့ ပေးအပ်ပြီး ရင်ထိုးတံဆိပ်များ၊ လက်သန့်ဆေးရည်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများကို စေတနာ့ဝန်ထမ်း ကိုယ်စားလှယ်တစ်ဦးနှင့် ပရဟိတအဖွဲ့ ကိုယ်စားလှယ်တစ်ဦးထံသို့ ပေးအပ်သည်။
ယင်းနောက် ချင်းပြည်နယ် Quarantine Center များအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၂) ဦး၊ အသက်(၅)နှစ်အောက် ကလေးငယ်(၅)ဦး၊ အသက်(၆၀)နှင့်အထက် ဘိုးဘွား(၂)ဦးနှင့် မသန်စွမ်းသူ (၁)ဦးတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၃)သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃)သိန်းကို စခန်းတာဝန်ခံတစ်ဦး ထံပေးအပ်သည်။ ထို့နောက် တီးတိန်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ပိုးတွေ့လူနာ ကလေးငယ်အတွက် ကစားစရာ၊ အားဆေးနှင့် မုန့်များကို တီးတိန်ပြည်သူ့ဆေးရုံရှိ တာဝန်ခံ ဆရာဝန်ထံမှတစ်ဆင့် ပေးအပ်သည်။
ယနေ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၂၃)ဦး၊ ပရဟိအဖွဲ့ (၂၇)ဖွဲ့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို ပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့်စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန် မူလတန်းကြိုကျောင်းသို့ သွားရောက်၍ မူကြိုကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါတွင် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီးတိန်မြို့၌ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ ဆောက်လုပ်ရန် လျာထားမြေနေရာကို သွားရောက်ကြည့်ရှုကြပြီး တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။
ယနေ့ ချင်းပြည်နယ်အတွင်း ဂုဏ်ပြုလွှာများနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှု မရှိစေရေးလိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


