နေပြည်တော် ၁၅ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းသန်းလွင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်သိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်က စီမံကိန်းတွင် ဦးစီးဆောင်ရွက်မည့် ကော်မတီဝင်များ၏ တာဝန်များ၊ ငွေစာရင်းများ စီမံခန့်ခွဲခြင်းလုပ်ငန်းများ ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေရန်၊ ရရှိသောငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအနှီးအမြစ်ရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်တို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသများရှိ မိသားစုများဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစုစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) တွင် ရွေးချယ်ခံရသည့် ကျေးရွာ(၉)ရွာမှ သင်တန်းသား (၅၆)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဇူလိုင် ၁၅ ရက်မှ ၁၆ ရက်အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(နာဂ)


