mdn

နေပြည်တော် ၁၆ ဇူလိုင်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုသည် ငြိမ်းချမ်းရေး ဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပြည်သူအားလုံး၏ မျှော်လင့်တောင့်တချက်ဖြစ်၍ ငြိမ်းချမ်းရေးခရီး ပန်းတိုင်သို့ ချောမွေ့ ဖြောင့်တန်းစွာတက်လှမ်းနိုင်ရန် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြသည်။ အဖြေရှာရန်အတွက် ဘူမိနက်သန်နေရာမှန်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ဖြစ်သည်။

ပြည်သူ့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို နိုင်ငံတော်၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်အဖြစ် အကောင်အထည်ဖော်လျက်ရှိသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံ အစည်းအဝေးကို သုံးကြိမ်တိုင်တိုင် ကျင်းပနိုင်ခဲ့သည်။ တတိယ အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူများပင် ချမှတ်နိုင် ခဲ့သည်။ ထို့နောက် အကြောင်းအမျိုးမျိုးကြောင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆိုင်ရာ တရားဝင်အစည်းအဝေးများ ရပ်ဆိုင်းသွားခဲ့ရသည်။

၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နှစ်နှစ်တာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေးအတွက် အစိုးရအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ အစုအဖွဲ့များအကြား တရားဝင်အစည်း အဝေးများနှင့် အလွတ်သဘော တွေ့ဆုံမှုပေါင်းများစွာကို အရှိန်အဟုန်မြှင့်ကာ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် JICM အစည်းအဝေးဆုံးဖြတ်ချက်အရ (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းပိုင်း၌ နောက်ဆုံးထား ကျင်းပရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း၌ မမျှော်လင့်ဘဲ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉သည် နိုင်ငံများသို့ ကူးစက်ပျံ့နှံ့လာခဲ့သည်။ လူစုလူဝေးရှောင်ရှားရေး ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရန်အတွက် အရှိန်အဟုန်ကောင်းစွာ ရရှိနေပြီဖြစ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း အရှိန်အဟုန် လျော့ကျခဲ့ရသည်။ အရှိန်အဟုန် လျော့ကျသည်ဆိုသော်လည်း ငြိမ်းချမ်းရေးခရီးမှာ ရပ်တန့်မသွားပါ။ ကိုဗစ်-၁၉ကာလမှာပင် နှစ်ဖက်အလုပ်အဖွဲ့များ အခက်အခဲများကြားမှ ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ ဇူလိုင်လဆန်းက ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ်လ ဒုတိယပတ် ၁၂၊ ၁၃၊ ၁၄ ရက်နေ့တို့တွင် ကျင်းပရန်လျာထားခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးသည် ငြိမ်းချမ်းရေးညီလာခံ သက်သက်မဟုတ်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်သည်ကို လက်တွေ့ မှတ်ကျောက်တင် သက်သေပြမည့်နိုင်ငံရေး ဆွေးနွေးပွဲဖြစ်သည်။ ငြိမ်းချမ်းရေး၏ အနှစ်သာရကို နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် ထိုလက်နက် ကိုင်နှစ်ဖွဲ့ကြားမှ ဒေသခံပြည်သူများ လိုလားကြသည်မှာ ယုံမှား သံသယဖြစ်ဖွယ်ရာမရှိပါ။ တစ်နည်းဆိုလျှင် ငြိမ်းချမ်းရေးကို အလိုချင်ဆုံးသည် လက်တွေ့ကြုံတွေ့နေရသော ပဋိပက္ခနယ်ပယ်အတွင်းမှ ပြည်သူ အားလုံးပင်ဖြစ်သည်။

မြန်မြန်ငြိမ်းချမ်းလျှင် မြန်မြန်အေးချမ်းရ၊ မြန်မြန်ဖွံ့ဖြိုးရမည်ဖြစ်၍ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အကန့်အသတ်များရှိသော်ငြားလည်း ငြိမ်းချမ်း ရေးဆွေးနွေးမှုများကို မဖြစ်မနေကျင်းပနိုင်အောင် ကြိုးပမ်းအားထုတ်မှု များကို ကြိုဆိုရမည်ဖြစ်သလိုဝိုင်းဝန်းပါဝင် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ မည်သည့်အချိန်ကာလတွင် ပြီးဆုံးမည်မှန်းမသိသည့် ကိုဗစ်-၁၉ အကန့်အသတ်ကို စောင့်စားမနေဘဲ သတ်မှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးခရီး အလှမ်းနီးလာမည်ဖြစ်သည်။

ငြိမ်းချမ်းရေးကို ကိုဗစ်-၁၉ ကြောင့်ဖြစ်စေ၊ အခြားမည်သည့် အခက်အခဲ စိန်ခေါ်မှုကြောင့်ဖြစ်စေ ကြုံတွေ့သမျှ အကန့်အသတ် အဟန့်အတားများအား ကျော်လွှားသွားရန်လိုအပ်ပါသည်။ အကန့်အသတ်ကြောင့် နောက်ကျဆောင်ရွက်သည်နှင့်အမျှ လက်နက်ကိုင်ပဋိပက္ခကြား တွင် ထိခိုက်ခံစားရမှုများ ပိုများလာနိုင်ပြီး ပဋိပက္ခနယ်မြေအတွင်းမှ ဒုက္ခဆင်းရဲများခံစားနေရသည့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက် များလည်း ဝေးကွာသွားစေပါသည်။

သို့ဖြစ်ရာ မငြိမ်းချမ်းသည့်ဆိုးမွေကို ခံစားနေကြရသော တိုင်းရင်းသားပြည်သူများအဖို့ ငြိမ်းချမ်းရေး ညီလာခံသည် ကြီးမားသည့်မျှော်လင့်ချက်ဖြစ်သည်၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက် (၂၁)ရာစုပင်လုံသည် အရေးကြီးသည့်အစည်းအဝေး ဖြစ်သည်ဟု အားလုံးသိမြင်ကြပြီး ငြိမ်းချမ်းရေးခရီးကို အမြန်ဆုံးလျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ