ငွေဆောင် ၁၆ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကာလအတွင်း ယာယီပိတ်ထားခဲ့သည့် တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ရယူထားသည့် တည်းခိုရိပ်သာ (၇၂) လုံးရှိပြီး ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ရန် သတင်းပေးပို့လာသည့် တည်းခိုရိပ်သာများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။ ယင်းသို့ စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်သည့် တည်းခိုရိပ်သာများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြပြီး အစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းဇော်ထွန်းထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)


