ဖလမ်း ၁၆ ဇူလိုင်

ဖလမ်းခရိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၁၀ နာရီက ဖလမ်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဆန်ထန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထာခါရ်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ဖလမ်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမျိုးမင်းစိုးက ရွေးကောက်ပွဲဆိုင်ရာနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းတို့ကို လည်းကောင်း၊ ဖလမ်းခရိုင် ဥပဒေအရာရှိ ဦးဆွေဦးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဉပဒေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးမင်းအောင်က နိုင်ငံသား ဖြစ်မှု မဖြစ်မှုများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲနှင့် သက်ဆိုင်၍ သိရှိလိုသည်များ၊ မရှင်းလင်းသည့် အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဖလမ်းခရိုင်အတွင်း နိုင်ငံရေးပါတီ(၆)ခုမှ ပါတီဝင်များ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)