ဗန်းမော် ၁၆ ဇူလိုင်
၂၀၁၉ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများအတွက် တောင်သူများအား အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ဇူလိုင် ၁၅ ရက် မွန်းလွဲ ၂ နာရီခွဲက ဗန်းမော်မြို့ စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က တောင်သူများအနေဖြင့် ရာသီဥတုနှင့် ပတ်သက်၍ သတိထားကြစေလိုကြောင်း၊ ရာသီဥတုအခြေအနေကြည့်၍ စိုက်ပျိုးကြဖို့ လိုအပ်ကြောင်း၊ သီးနှံစိုက်ပျိုးရာတွင် အသိပညာ ဗဟုသုတများစွာ ရှာဖွေကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အမျိုးသားဒီမိုကရေစီပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဦးနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးကျော်စိုးအောင်တို့က သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာအလိုက် ထောက်ပံ့ငွေများပေးအပ်ကြရာ တောင်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံယူခဲ့ကြသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်း၌ အစေ့ထုတ်ပြောင်းများ ထိခိုက်ပျက်စီးခဲ့သည်။ ထို့ပြင် မိုးရာသီကာလ၌ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် မိုးစပါး၊ အစေ့ထုတ်ပြောင်းသီးနှံ ပျက်စီးဆုံးရှုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုစာရင်းအရ ကျေးရွာ ၃၂ ရွာတွင် မိုးစပါး၊ အစေ့ထုတ်ပြောင်း(မိုး)၊ အစေ့ထုတ်ပြောင်း(ဆောင်း) သီးနှံပျက်စီးဧက စုစုပေါင်း ၅၇၁၈ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်စိုးအောင်ထံမှ သိရသည်။
နိုင်ငံတော်အစိုးရက သီးနှံပျက်စီးခဲ့သော တောင်သူများအား တစ်ဧကလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၇၁၈၀၀၀၀ ကို အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးကျော်စိုးအောင်ထံမှ သိရသည်။
ဆီမီးခုံ-နန်းရီ


