ဘုတလင် ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့်ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် ကျပ်သိန်း(၃၀)ကျော် အမြတ်ရရှိကြောင်း အုတ်အိုင်ကျေးရွာမှ ငှက်ပျောစိုက်တောင်သူ ဦးတင်ထွေးထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် စိုက်ပျိုးသည့် ကျောက်စိမ်းဖီးကြမ်းငှက်ပျောအပင်မျိုးများကို မန္တလေးတိုင်း ဒေသကြီး အင်းဝဒေသမှ စတင်ရယူခဲ့ပြီး တစ်ပင်နှင့် တစ်ပင်ကို (၉)ပေအကွာအဝေးဖြင့် တစ်ဧကလျှင် အပင်(၈၀၀) စိုက်ပျိုးကြသည်။
“ကျောက်စိမ်းဖီးကြမ်းငှက်ပျောတစ်ဖီးကို ကျပ် ၁၀၀၀ ရရှိပြီး ရန်ကုန်၊ မန္တလေးနဲ့ ဖားကန့်ဒေသ တွေကို တင်ပို့ပေးရပါတယ်။ ကျောက်စိမ်းဖီးကြမ်းငှက်ပျော တစ်ဧကကို (၄၅)သိန်းလောက် ရရှိပါတယ်။ ကုန်ကျစရိတ်ကတော့ မြေဆီထည့်တာ၊ အလုပ်သမားခနဲ့ ထွန်စရိတ် ပေါင်းရင် (၁၀)သိန်းကျော်လောက် ရှိတော့ တစ်ဧကကို ကျပ်သိန်း ၃၀ ကျော် အမြတ်ရရှိပါတယ်”ဟု ကျောက်စိမ်းဖီးကြမ်း ငှက်ပျောစိုက် တောင်သူ ဦးတင်ထွေးက ပြောသည်။
ကျောက်စိမ်းဖီးကြမ်းငှက်ပျောကို စတင်စိုက်ပျိုးပြီး ရှစ်လအကြာတွင် အခိုင်စထွက်ကာ တစ်နှစ် ကြာလျှင် ငှက်ပျောခိုင်များကို စတင်ခုတ်ယူရပြီး တစ်နှစ်ခွဲကြာလျှင် အပင်ဟောင်းများကို ဖျက်သိမ်းကာ ငှက်ပျောသားတက်များဖြင့် အစားထိုးစိုက်ပျိုးကြသည်။
အုတ်အိုင်၊ ချပ်ကလေး၊ ခိုးချောင်းနှင့် အောင်ဆန်းမြင့် ကျေးရွာများတွင် ကျောက်စိမ်းဖီးကြမ်း ငှက်ပျောကို ရေဘုတလင်မြစ်ရေတင်လုပ်ငန်းမှ ပေးပို့သည့် ချင်းတွင်းမြစ်ရေဖြင့် ရေသွင်းစိုက်ပျိုးကြပြီး ဘုတလင်မြို့နယ်တွင် ကျောက်စိမ်းဖီးကြမ်းငှက်ပျောစိုက်ဧက(၂၆၀၀)ကျော်ရှိကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


