ဝန်းသို ၁၆ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ငွေကျပ်သိန်း ၁၇၀၀ ဖြင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝန်းသိုမြို့နယ်အတွင်း အိမ်ခြေ ၁၀၁ အိမ်နှင့် အထက်ရှိသည့် ဇီးဖြူပင်ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ကံကုန်းကျေးရွာ၊ ရွာမ(နမ်းခမ်း)ကျေးရွာနှင့် ကင်းကြိမ်ဖူးကုန်း ကျေးရွာတို့တွင် တစ်ရွာလျှင် စီမံကိန်းမတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၁၅၀၀ ဖြင့်လည်းကောင်း၊ အိမ်ခြေ ၅၁ အိမ်နှင့် ၁၀၀ ကြားရှိသည့် အိုးပြစ်ကျေးရွာတွင် ရန်ပုံငွေကျပ်သိန်း ၂၀၀ ဖြင့်လည်းကောင်း စုစုပေါင်း ကျေးရွာ ၆ ရွာတွင် ကျေးရွာမတည်ရန်ပုံငွေကျပ် သိန်း ၁၇၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းများကို နိုင်ငံတော်မှချမှတ်ထားသည့် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် ရည်ရွယ်၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


