မကွေး ၁၆ ဇူလိုင်
ပွင့်ဖြူနှင့် တောင်တွင်းကြီးမြို့များရှိ ငါးသားဖောက်စခန်းများမှ တစ်လခွဲ၊ နှစ်လဝန်းကျင်အရွယ် သားပေါက် ၅၄ သိန်းကျော်ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မြစ်၊ ဆည်မြောင်းတာတမံ၊ ကျေးရွာရေကန်နှင့် စပါးစိုက်ခင်းများထဲသို့ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ထည့်သွင်းမွေးမြူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ငါးစားသုံးမှု လိုအပ်ချက်ရှိနေသည့်အတွက် ငါးမြစ်ချင်း၊ ရွှေဝါ၊ ငါးခုံးမ စသည့် ငါးမျိုးစိတ်များကို နှစ်စဉ် စိုက်ထည့်ပေးနေခြင်းဖြစ်ပြီး ယင်းလုပ်ငန်းအတွက် ရှိရင်း သားဖောက်စခန်း(၂)ခုအပြင် မြို့သစ်မြို့၌ သားဖောက်စခန်း အသစ်တစ်ခု အကောင်အထည်ဖော်လျက်ရှိရာ ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
“ငါးစားသုံးမှုကလည်းများတဲ့အတွက် လျော့သွားတဲ့ ငါးသယံဇာတကို နှစ်စဉ်ပြန်ဖြည့်ပေးနေတာပါ။ မနှစ်ကလည်း ငါးမျိုးစိတ် ၅၄ သိန်း စိုက်ထည့်ခဲ့ပါတယ်။ လာမယ့်နှစ်မှာ ကမ္ဘာ့ဘဏ်အထောက်အပံ့နဲ့ ပွင့်ဖြူမြို့နယ် ငါးသားဖောက်စခန်းကို အဆင့်မြှင့်တင်သွားဖို့ ရှိပါတယ်” ဟု ငါးလုပ်ငန်းဦးစီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ရွှေက ပြောသည်။
ငါးသယံဇာတတိုးပွားလာစေရန် ဧရာဝတီမြစ်အတွင်း၌ နေရာ(၄)ခု၊ စပါးစိုက်ခင်း ဧက(၁၉၀)၊ ဆည်မြောင်းတာတမံ အခု (၃၀)နှင့် ကျေးရွာကန်(၃၃၅)ကန်တို့၌ ငါးမျိုးများအမဲ့စိုက်ထည့် ပေးသွားမည်ဖြစ်ကြောင်း၊ ငါးသားပေါက် ထည့်ခြင်းလုပ်ငန်းအပြင် ငါးသားပေါက်သည့် ငါးရစ်ငါးသန်ကာလ (မေ၊ဇွန်၊နှင့်ဇူလိုင်လများ)၌ ငါးဖမ်းခွင့်ကို တားမြစ်ထားကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)


