ကျိုင်းတုံ ၁၆ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရော်ဘာစိုက်တောင်သူများအား မိုးကာလအတွင်း အစေးခြစ်ရက်တိုးစေပြီး ရော်ဘာအစေးခြစ်လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် စီးပွားရေးတွက်ခြေကိုက်ပြီး ရေရှည်တည်တံ့သော စနစ်တကျ ရော်ဘာအစေးခြစ် ခြင်း နည်းပညာများ ရရှိစေရန်စေရန် ရည်ရွယ်ဆောင်ရွက်သော မဲခေါင်-လန်ချန်းပူးပေါင်း အထူးရန်ပုံငွေ စီမံကိန်းဖြင့် ပြုလုပ်သည့် မိုးကာအုပ်ရော်ဘာစေးခြစ် သင်တန်းဆင်းပွဲနှင့် မိုးကာအစေးခြစ်ခြင်းဆိုင်ရာ ပံ့ပိုးပစ္စည်းများ၊ ရော်ဘာပျိုးပင်များနှင့် ကော်ဖီမျိုးစေ့များပေးအပ်ပွဲကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက ကျိုင်းတုံမြို့နယ်၊ ကတ်ဖအုပ်စု၊ နောင်ငင်းကျေးရွာနေ တောင်သူ ဦးထွန်းနေဦး၏ ရော်ဘာခြံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စက်မှုသီးနှံ) ဦးဇော်ထွန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ညွှန်ကြားရေးမှူး(နှစ်ရှည်ပင်သီးနှံ ဌာနခွဲ) ဦးထွန်းထွန်းထွေး၊ ကျိုင်းတုံမြို့၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း သင်တန်းသို့တက်ရောက်လာသူ တောင်သူများအား မိုးကာအုပ်အစေးခြစ်ခြင်းဆိုင်ရာ ထောက်ပံ့ပစ္စည်းများ၊ ရော်ဘာပျိုးပင်များနှင့် ကော်ဖီမျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းသား/သူများ၏ လက်တွေ့သရုပ်ပြအစေးခြစ်ခြင်း စွမ်းရည်များကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ရော်ဘာစိုက်ပျိုးခြင်းနည်းပညာများနှင့် ပတ်သက်၍ အခြားရော်ဘာ စိုက်တောင်သူများကို ဝေမျှပေးသွားရန်နှင့် ရော်ဘာထွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းလား မြို့နယ်များမှ ရော်ဘာစိုက်တောင်သူ ၃၀ တက်ရောက်ကြောင်းနှင့် ကျိုင်းတုံမြို့နယ် အတွင်း၌ ရော်ဘာ စိုက်ဧက(၄၄၅၆)ဧကရှိကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)


