ရှမ်းရွာသစ်  ၁၆  ဇူလိုင်

 

ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် ဒေသနေပြည်သူများ ကျန်းမာရေးအသိရှိစေရန်၊ မိခင်သေဆုံးမှု လျော့ကျစေရန်၊ ကိုယ်ဝန်စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များ မွေးဖွားစေရန် ရည်ရွယ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက မဲလောခီးကျေးရွာအုပ်စုရှိ ထီးမိုးခီးကျေးရွာတွင် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများ၊ ထီးမိုးခီးကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သိကောင်းစရာများ၊ မိုးရာသီ ကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများ၊ နို့တိုက် မိခင်များအား နို့တိုက်ကျွေးပုံ၊ တိုက်ကျွေးနည်းနှင့် အကျိုးကျေးဇူးများအကြောင်း၊ အသက်(၂)နှစ် အောက် ကလေးငယ်များအား စနစ်တကျ အာဟာရတိုက်ကျွေးနည်းနှင့် အစာအာဟာရအုပ်စု (၃)အုပ်စုအကြောင်း စသည့် ကျန်းမာရေးနှင့်ပတ်သက်သော သိကောင်းစရာများကို အသိပညာပေး ရှင်းလင်းခြင်း၊ ကလေးမိခင်များအား နှာခေါင်းစည်း Mask အခမဲ့ ဝေပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဇင်လေး (ပြန်/ဆက်)