မြင်းခြံ ၁၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်များရှိ လျှပ်စစ် မြစ်ရေတင် စီမံကိန်းများမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးသီးနှံများစိုက်ပျိုးနိုင်ရေး အတွက် ပျိုးထောင် ရေပေးလွှတ်လျက်ရှိကြောင်း မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ သိရသည်။
မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ခိုင်မင်းက လျှပ်စစ်မြစ်ရေတင်များက ရေပေးရာတွင် လျှပ်စစ် ဓာတ်အားခ ကုန်ကျမှုသက်သာစေရန်အတွက် စနစ်တကျဆောင်ရွက်ထားရှိပြီး မိုးသီးနှံများ မစိုက်ပျိုးမီ မြစ်ရေသောက် ကျေးရွာများမှ တောင်သူကိုယ်စားလှယ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ဌာနများမှ ဝန်ထမ်းများက ရေသုံးစွဲမည့်တောင်သူ စာရင်း၊ ကွင်းမြေပုံ၊ ပျိုးထောင်ရေ စတင်အသုံးပြုလိုသော ရက်၊ ပျိုးထောင်ရေမှ အောင်ရေအထိ ပေးရမည့် ရေပမာဏအတွက် လိုအပ်မည့် လျှပ်စစ် ဓာတ်အားခခန့်မှန်းချက်များကို အားလုံးပါဝင် ပူးပေါင်းပြုစုကြရကြောင်း၊
ထိုသို့ စာရင်းအချက်အလက်များ ပြုစုပြီးပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက တင်ပြလာသည်များကို တိုင်းဒေသကြီးရုံးထိ အဆင့်ဆင့်တင်ပြရပြီး တိုင်းဒေသကြီးရုံးမှ ခွင့်ပြုချက်ရရှိမှသာ ပျိုးထောင်ရေ စတင်ပေးလွှတ်ရကြောင်း၊ ကျွန်တော်တို့ဌာနအနေဖြင့် မြစ်ရေတင် နေရာတိုင်းတွင် ရေအသုံးချသူများအဖွဲ့(WUG)များကို ဆည်မြောင်းဥပဒေနှင့်အညီ ဖွဲ့စည်းပေးလျက် ရှိပြီး အဆိုပါအဖွဲ့အစည်းများ အားကောင်းလာပါက ရေသောက်တောင်သူစာရင်း ပြုစုရာတွင် ပိုမိုမြန်ဆန်ကာ မှန်ကန်မှုရှိခြင်း၊ ရေစည်းကမ်း မြောင်းစည်းကမ်းများ ပိုမိုဖွံ့ဖြိုးလာခြင်း၊ ရေခွန်များ ကောက်ခံခြင်းနှင့် ရေပေးမြောင်းများ ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းများ ပိုမိုတွင်ကျယ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။
မြင်းခြံမြို့နယ်ရှိ ဆီမီးခုံ(၂) မြစ်ရေတင်၊ ဆီမီးခုံ(၂) တိုးချဲ့မြစ်ရေတင်၊ သာပေါင်းမြစ်ရေတင်၊ ဆိတ်ညံမြစ်ရေတင်၊ တောင်သာမြို့နယ်ရှိ ကျောဇီမြစ်ရေတင်၊ ငါန်းဇွန်မြို့နယ်ရှိ ကျောက်တစ်လုံး မြစ်ရေတင်၊ ရွာသစ်မြစ်ရေတင်၊ ငါန်းမြာမြစ်ရေတို့တွင် မိုးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင်ရေများ ပေးလွှတ်လျက်ရှိပြီး မြင်းခြံမြို့နယ် ဆီမီးခုံ(၁) မြစ်ရေတင်မှ မြစ်ရေတောင်းခံ လာခြင်းမရှိသေးကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


