ခေါင်လန်ဖူး ၁၆ ဇူလိုင်
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ခေါ်လာဒါဟိုကျေးရွာအုပ်စု ခေါ်ဘူဒဲကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံချက် (VDP) ရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်နေမှုနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးမှ ယမန်နေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျေးရွာဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ခြင်းဖြင့် ခေါ်ဘူဒဲကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လူမှုရေးလုပ်ငန်းများအတွက် အစည်းအဝေး၊ အခမ်းအနားများ ပြုလုပ်နိုင်ခြင်းနှင့် ပညာရေးအတွက် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်နိုင်ခြင်းတို့ကို အခက်အခဲမရှိ ဘက်စုံအသုံးပြုနိုင်ရန် ကျေးရွာလူထုမှ ရွေးချယ်ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံချက် အကောင်ထည်ဖော်ရေးကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီက ပြောကြားသည်။
အဆိုပါ ခန်းမဆောင်ဆောက်လုပ်ခြင်းကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (VDP) ရန်ပုံငွေ ကျပ်သိန်းတစ်ရာဖြင့် ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ဆောက်လုပ်ခဲ့ပြီး ဇူလိုင်လတွင် အပြီးသတ် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အတိုင်းအတာအားဖြင့် အလျားပေ ၃၀၊ အနံပေ ၂၀ နှင့် အမြင့် ၁၅ ပေဖြစ်ကြောင်း ကျေးရွာကော်မတီ ဥက္ကဋ္ဌ ဦးယော်ဇာထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


