ကျိုင်းတုံ ၁၆ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ခရီးသွားဧည့်သည်များ စိတ်ဝင်စားသည့် တောင်ပေါ်ဒေသနေ လူနည်းစု တိုင်းရင်းသားလူမျိုးများရှိခြင်း၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦလက်ရာများရှိခြင်း၊ ရှမ်းရိုးရာဓလေ့အတိုင်း ထိန်းသိမ်းဆောက်လုပ်ထားသည့် လူမျိုးစုအိမ်များရှိနေခြင်းနှင့် အခြားစိတ်ဝင်းစားစရာ နေရာများလည်းရှိကြောင်း သိရသည်။
ယခုအခါ ကျိုင်တုံမြို့တွင် လျှပ်စစ်မီး ၂၄ နာရီရရှိခြင်း၊ မြို့နယ်များသို့သွားလာရာတွင် ယခင်ကထက် လမ်းခရီး လွယ်ကူကောင်းမွန်လာသည့်အတွက် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန်နှင့် ရှိပြီးသား ခရီးစဉ်ဒေသကို ရေရှည်တည်တံ့အောင် လုပ်ဆောင်ဖို့၊ ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်ဖို့၊ ခရီးစဉ်ဒေသများကို ပြည်တွင်း၊ ပြည်ပဧည့်သည်များ ပိုမိုလာရောက်အောင် ဈေးကွက်ရှာဖွေဖို့ စတဲ့ရည်ရွယ်ချက်များဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျိုင်းတုံခရိုင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဟိုတယ်အသင်း တာဝန်ရှိသူများ၊ မြိုမိမြို့ဖများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့မှာ ခရီးသွားဧည့်သည်များကို ပိုမိုစွဲဆောင်နိုင်ရေးအတွက် မြို့သန့်ရှင်းသာယာလှပရေး ပြုပြင်ပြောင်းလဲမှုများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကျိုင်းတုံမြို့နယ် နောင်ငင်းကျေးရွာနှင့် ဖာရံနွဲ့ ကျေးရွာ ၂ ရွာကို လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်သွားရန် လျာထားလျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ကျိုင်းတုံ)ရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းလှိုင်ထံမှ သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ဟိုတယ်နှင့် တည်းခိုခန်းများကို ယာယီပိတ်ထားခဲ့ရာမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ပြန်ဖွင့်လှစ်နိုင်ရန်တင်ပြလာသည့် ဟိုတယ်နှင့် တည်းခိုခန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုအတိုင်း ဇွန် ၁၈ ရက်တွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ကျိုင်းတုံရုံး)၏ အသိအမှတ်ပြု ဟိုတယ် ၁၁ လုံးနှင့် တည်းခိုခန်း ၅ လုံး ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)


