ကော့ကရိတ်  ၁၆  ဇူလိုင်

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကော့ကရိတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုက ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်ပြီး ကလေးသူငယ် အခက်အခဲ၊ ကလေးသူငယ် အခွင့်အရေးများကို ကော်မတီဝင်များမှ ကျရာကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ကြရေး အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် မြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက မြို့နယ်အတွင်း ဆောင်ရွက်ထားသော ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အခြေအနေ၊ ဖွင့်လှစ်ထားရှိသော မူကြိုကျောင်းများ၊ ခိုကိုးရာမဲ့ကလေးများကို အမျိုးသမီးရေးရာ သင်တန်းကျောင်းသို့ ပို့ဆောင်ထားရှိမှု အခြေအနေတို့ကို ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ကော်မတီဝင်ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးကြပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနုမှ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်၍ ဌာနဆိုင်ရာများမှ လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပူးပေါင်းဆောင်ရွက်ကြရေး ဖြည့်စွက်ပြောကြားသည်။

 

အစည်းအဝေးသို့ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ လူမှုရေးအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

 

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)