ပျဉ်းမနား ၁၆ ဇူလိုင်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး (CERP)စီမံချက်နှင့်အညီ လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ သစ်လေးလုံးကျေးရွာရှိ စိမ်းလဲ့လွင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က သင်တန်းအဖွင့်အမှာစကား ပြောကြားပြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် (CERP)စီမံချက်အရ ပြည်သူလူထုအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းများ အမြန်ပေါ်ထွန်းလာစေပြီး စီးပွားရေးနှောင့်နှေးမှုကို ကျော်လွှားဖို့ တိုက်ရိုက် အလုပ်အကိုင်ဖန်တီးပေးခြင်းပုံစံနဲ့ Cash For Work စနစ်သုံးပြီး ဆောင်ရွက်နေတာတွေ ရှိကြောင်းနှင့် သင်တန်းသားတစ်ဦးချင်းစီအတွက် သင်တန်းထုတ်ကုန်ကို စုပေါင်းထုတ်လုပ်ပြီး ပညာရယူကြတဲ့အပေါ် နေ့စဉ်လုပ်အားခကို သတ်မှတ်ထားသည့် ပမာဏဖြင့် ချီးမြှင့်ပေးသွားမှာဖြစ်ပြီး ထုတ်ကုန်တွေကို ဈေးကွက်အရောက် စုပေါင်းရောင်းချစေခြင်းဖြင့် ကုန်ထုတ်ပညာ၊ ကုန်သွယ်ရောင်းဝယ်မှု အတွေ့အကြုံတွေနှင့် ပေါင်းစပ်ဖန်တီးပေးမှု ပညာတွေကို သင်ကြားပေးသွားမှာ ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပညာကို စနစ်တကျသင်ယူကာ ကုန်ထုတ်လုပ်မှုကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဈေးကွက်တင်ရောင်းချမှုတွေမှာလည်း ဈေးမရောင်းဘူးသူ၊ ဈေးမရောင်းရဲသူတွေအဖို့ အတွေ့အကြုံကောင်းတစ်ရပ်အဖြစ် ခံယူပြီး ပါဝင်ဆောင်ရွက် သွားကြရန် မှာကြားသည်။
ထို့နောက် နေပြည်တော် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်မှ သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပေးသည်။
အဆိုပါသင်တန်းကို ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ ဇူလိုင်(၁၆)ရက်မှဇူလိုင် (၂၁) ရက်နေ့အထိ(၆)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


