မြိတ် ၁၆ ဇူလိုင်
ငါးလုပ်ငန်းဉီးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်ချက်အရ ပင်လယ်ပြင် သဘာဝဘေးကျရောက်ပါက ကြိုတင်ကာကွယ်မည့် နည်းလမ်းများ၊ ရေယာဉ်ပေါ်လုပ်ငန်းခွင် ဘေးအန္တရာယ်ဖြစ်နိုင်သည့် ကိစ္စရပ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ ဉီးစီးဌာနညွှန်ကြားချက်များ သိရှိနိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ခုနှစ် ငါးမဖမ်းရရာသီအတွင်း မြိတ်ခရိုင်အခြေပြု ကမ်းဝေးငါးဖမ်း၊ ငါးသယ်ရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး (Safety at Sea) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး(၇)လွှာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဉီးစွာ ငါးလုပ်ငန်းဉီးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့သည်။ သင်တန်းသို့ မြိတ်ခရိုင်အခြေပြု ကမ်းဝေငါးဖမ်း၊ ငါးသယ်ရေယာဉ်များမှ ပဲ့နင်းများ၊ ငါးဆရာများ၊ ရေလုပ်သားများ စုစုပေါင်း ၆၀ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁၆ ရက်မှ ၁၇ ရက်ထိ (၂)ရက် ကြာမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ငါးလုပ်ငန်းဉီးစီးဌာန၊ အလုပ်သမား ညွှန်ကြားမှုဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့တို့မှ တာဝန်ရှိသူများက မိုးရာသီရေကြောင်း အန္တရာယ်ကင်းရှင်းရေး၊ ရေယာဉ်အချက်ပြစနစ်၊ မုန်းတိုင်းအန္တရာယ်၊ မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေ၊ ၅/၂၀၁၈ VMS ညွှန်ကြားချက်အကြောင်း၊ ၁၉၂၃ ခုနှစ် အလုပ်သမား လျော်ကြေးဥပဒေ၊ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ ၂၀၁၃ ခုနှစ် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ အလုပ်သမားညွှန်ကြားမှုဉီးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ မီးငြှိမ်းသတ်ရေး လုပ်ငန်းစဉ်များနှင့် ဆောင်ရန်ရှောင်ရန်များအကြောင်း၊ ရှေးဉီးပြုစုခြင်းအကြောင်း စသည့် ခေါင်စဉ်များဖြင့် စာတွေ့၊ လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


