ဘားအံ ၁၆ ဇူလိုင်

 

ကရင်ပြည်နယ် ဘားအံမြို့ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် (လက်ရက်ကန်း)လက်တွေ့လုပ်ငန်းခွင်သင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် သဘာဝဆိုးဆေး ပြုလုပ်နည်းအဆင့်ဆင့်၊ မာဖလာရက်လုပ်နည်းအဆင့်ဆင့်၊ ခြုံပုဝါရက်လုပ်နည်းအဆင့်ဆင့်ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား(၁၀)ဦးဖြင့် သင်တန်းကာလ (၂၄)ရက်တွင် စာတွေ့၊ လက်တွေ့သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုဗစ်-၁၉ အလွန်စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် လက်ရက်ကန်းလက်တွေ့လုပ်ငန်းခွင်သင်တန်းတွင် အိန္ဒုကျေးရွာမှ လက်ရက်ကန်းလုပ်ကိုင်နေသူများ တက်ရောက်ပြီး ကိုဗစ်-၁၉ ကာလတွင် ကိုယ်ပိုင်ရက်ကန်း လုပ်ငန်းများ ရပ်နားထားချိန်၌ Cash for Work အစီအစဉ်တွင်  ပါဝင်လာပြီး အပိုဝင်ငွေရရှိသည့်အပြင် ခေတ်မီ သဘာဝဆိုးဆေးပညာနှင့် လက်ရက်ကန်းပညာများ ပိုမိုသိရှိလာကြမည်ဖြစ်ကြောင်း ရက်ကန်းနှင့်အသက်မွေး ပညာသင်တန်းကျောင်း(ဘားအံမြို့) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကရီအောင်အောင်က ပြောကြားသည်။

 

စိုးစိုးအေး(ပြန်/ဆက်)